Connect with us

Local

ဇန်နဝါရီလထဲတွင် ဒေါ်လာဈေးဆက်တိုက်ကျဆင်း


ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲတွင် တစ်ဒေါ်လာကို ကျပ် ၁၃၅၈ မှ တစ်ဒေါ်လာကို ကျပ် ၁၃၂၈ အထိ တစ်လအတွင်း ငွေကျပ် ၃၀ ကျဆင်းခဲ့ပြီး မြန်မာငွေတန်ဖိုး တက်ခဲ့သော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုသည် ၄.၄၇ ရာခိုင်နှုန်း ရှိကြောင်းထုတ်ပြန်ထားသည်။

ဘဏ်လုပ်ငန်းဆိုင်ရာအကြံပေး ဦးရဲမင်းဦးက “ဒေါ်လာဈေးက ကျရခြင်းမှာ အကြောင်းတွေ အများကြီးရှိတယ်။ မြန်မာငွေက ငွေကြေးဖောင်းပွမှု နှုန်းနည်းနည်း ပြန်ပြန်ကျတယ်။မြန်မာငွေတန်ဖိုးနည်းနည်းတက်တယ်ပေါ့။ နောက်တချက်က ကုန်သွယ်မှုနဲ့ လည်းဆိုင်တာပေါ့။ ကုန်သွယ်မှုမှာ ဒေါ်လာသုံးငွေ ပိုနည်းသွားရင် ဒေါ်လာဈေးက ကျမှာပဲ။ အဲ့ဒီ အချက်လေးတွေ သွားဆုံကြတာပေါ့။’’ ဟုဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေးသည် ၂၀၁၇ ခုနှစ် တွင်တောက်လျှောက်အမြင့်ဈေးတွင် ရှိနေခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်စ တွင် တအိအိ နှင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်ပြန်သည့် အမေရိကန်ဒေါ်လာဈေးလည်း ကျဆင်းခဲ့သည်။

ဦးရဲမင်းဦးက “အစိုးရက ဘတ်ဂျက်လိုငွေ နည်းနည်းဟနေတာကို လျော့သွားနိုင်အောင် လုပ်သွားနိုင်တာတွေ့ရတယ်။ အရင်က ဘတ်ဂျက်လိုငွေများတယ်။ Inflation (ငွေကြေးဖောင်းပွမှု)လည်း ရှိတော့ မြန်မာငွေတန်ဖိုးကလည်း အရမ်းကျတယ်။ ကုန်သွယ်မှုက အရင်ကထက် နည်းနည်းလေးဒီကာလမှာ အေးတယ် အဲ့ဒီ့တော့ ဒေါ်လာအသုံးဝင်မှု နည်းနည်းလျော့သွားတာပေါ့။ အကြောင်းတစ်ခုတည်းကြောင့်တော့ ကျတာမဟုတ်ဘူးပေါ့။ အကြောင်းနည်းနည်းစုံသွားတဲ့ သဘောပါပဲ။’’ ဟုပြောသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြင်ပတွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၃၂၈ ပေါက်ဈေးရှိပြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် တစ်ဒေါ်လာပေါက်ဈေးသည် ကျပ် ၁၃၃၀ ရှိသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒေါက်တာမောင်မောင်လေး က “အခုဒေါ်လာဈေးကျတာ နည်းနည်းမြန်တယ်။ အခုလိုအကျမြန်တာက ဒီ ၂ နှစ်နောက်ပိုင်းလောက်မှာ မှ ဖြစ်ခဲ့တာဖြစ်တယ်။ စီးပွားရေး နဲ့လည်းဆိုင်တယ်။ အမေရိကန်ဘက်ကလည်း ဒေါ်လာဈေးကိုချပြီး ကုန်ပစ္စည်းပိုရောင်းရဖို့ရည်ရွယ်တာလည်း ရှိတယ်။ မြန်မာနိုင်ငံက တစ်ခါတလေမှာ ကမ္ဘာမှာ ဖြစ်တိုင်းလည်း မြန်မာနိုင်ငံက မဖြစ်ဘူး။ တချို့ ကရွှေဈေး နဲ့ ပတ်သက်ပြီး ချိန်တာရှိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက တစ်ခါတစ်ခါမှာ မှန်းဆလို့မရတာဖြစ်တတ်ပါတယ်။ နောက်တစ်ခုပြန်ကြည့်ရင် စီးပွားရေး က နည်းနည်းနှေးသွားတာ ဖြစ်နိုင်တယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

ဒေါ်လာ နှင့် ကျပ်ငွေအားတွေ့ရစဉ် (ဆင်ဟွာ)

ဗဟိုဘဏ်မှ ထုတ်ပြန်သည့်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရောင်းလိုအားနှင့် ဝယ်လိုအား တွင် ဝယ်လိုအားနည်းသွားသည့် အတွက် ရောင်းလိုအား အားထပ်မသွင်းတော့သည့် အပိုင်းလည်းဖြစ်နိုင်ကြောင်း၊ ကုန်သွယ်ရေးတွင် ဒေါ်လာကိုအခြေခံသည့် ပစ္စည်းများ ၏ ကုန်ဈေးနှုန်းအား အစိုးရအနေဖြင့် အထိုက်အလျောက် ထိန်းလို့ရနိုင်ကြောင်း ဒေါ်က်တာမောင်မောင်လေးက ဆိုသည်။

ဒေါ်လာဈေးကျခြင်း နှင့် ပတ်သက်၍ ပညာရှင်များမှ ထင်ကြေးအမျိုးမျိုးပေးကြပြီး ၊လက်ရှိဖြစ်နေ သည့်ဒေါ်လာဈေးကျဆင်းမှုကြောင့် ကုန်ဈေးနှုန်းကျဆင်းရန် ဆောင်ရွက်နိုင်ကြောင်းအကောင်းဘက်မှ ပညာရှင်တို့မှ ထောက်ပြသည်။ မြန်မာနိုင်ငံ မှ ငွေကြေးဖောင်းပွမှုကလည်း များနေသေးသည့်အတွက် ဒေါ်လာဈေးကျသည့်အတွက် မြန်မာ့ငွေကြေးဖောင်းပွမှု မှာလည်း အထောက်အပံ့တော့ ဖြစ်သွား ကြောင်းစီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

စီးပွားရေးပညာရှင် ဦးစောမြင့်မောင်က “ဒေါ်လာဈေးကျတာ ၂မျိုး ဖြစ်နိုင်ချေရှိတယ်။ မြန်မာပြည်ထဲမှာ ဒေါ်လာကို အဝယ်နည်းသွားလို့ဆိုတာ ဖြစ်နိုင်ချေတစ်ခု အမေရိကန် အနေနဲ့ ဒေါ်လာဈေးချတာ က တစ်ခုပေါ့။ အခုဒေါ်လာဈေးကျတာက တခြားနိုင်ငံတွေ မှာ ကျလို့ လိုက်ကျ တယ်လို့ ခန့်မှန်းရတာပဲ။ ကုန်ဈေးနှုန်းတွေက လက်ရှိကဈေးတက်နေတယ်။ အင်ပို့ ပစ္စည်းများနေတော့ ဈေးတက်တာ။’’ ဟုဆင်ဟွာကိုပြောသည်။

လက်ရှိတွင်ဒေါ်လာဈေးကျဆင်းလာသော်လည်း ကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်းမှု မရှိသေးသလို၊ စက်သုံးဆီဈေးများလည်း မြင့်တက်လျက်ရှိသည်။

ဒေါက်တာမောင်မောင်လေးက “အများစုသော ကုန်စည်တွေကဒေါ်လာကို အခြေခံပြီးသွင်းလာတာဖြစ်တယ်။ အစိုးရအနေနဲ့ ဒါမျိုးဖြစ်ရင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုး ကုစားတဲ့ဟာကို ပြင်ဆင်ထားဖို့ လိုပါတယ်။ တက်ရင်ဘာလုပ်မယ်။ ကျရင် ဘာလုပ်မယ် ဆိုတဲ့ မဟာဗျူဟာတွေ ရှိဖို့လိုအပ်ပါတယ်။ အစိုးရအနေနဲ့ တင်ဒါ တွေ ကန့်သတ်ပြီးစိစစ်တဲ့အခါ တင်ဒါနည်းသွားတဲ့ အတွက် ဒေါ်လာ ကျတာလည်းဖြစ်နိုင်တယ်။ အတက်အကျကတော့ မှန်းဖို့ သိပ်ခက်ပါတယ်။ အဓိက ကတော့ဝယ်လိုအားနဲ့ ရောင်းလိုအားပါပဲ။’’

ယနေ့ အထိတော့ ဒေါ်လာဈေးသည် နေ့စဉ် နှစ်ကျပ် မှ လေးကျပ်အထိ ကျဆင်းလျက်ရှိပြီး ဆက်လက်ကျဆင်းနိုင်ခြင်း ရှိမရှိ အား ခန့်မှန်းရခက်ကြောင်း၊ အနည်းငယ်တော့ ဈေးဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။

ဒေါ်လာဈေးကွက်အားစောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ဒေါ်လာဈေးက ဖေဖော်ဝါရီ လလယ်လောက် အထိ တော့ ကျနိုင်တယ်လို့ခန့်မှန်းရတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက် ပေါ်မူတည်ပြီး ဈေးအတက်အကျ က ဖြစ်နိုင်တယ် လို့ထင်ပါတယ်။အကျဘက်များတော့ လက်ရှိမှာတော့ အရောင်းက နည်းနည်းကျတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

လက်ရှိ မြန်မာ့စီးပွားရေးက အထိအခိုက်မခံသည့် အနေအထားမျိုး မဟုတ်သည့် အတွက် လက်ရှိဒေါ်လာဈေး ကျဆင်းမှုသည် များစွာပြောပလောက်ခြင်းမရှိကြောင်း ဦးစောမြင့်မောင်ကဆိုသည်။ (Xinhua)