Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော် ရရှိ 

ရန်ကုန်မြစ်အတွင်း သွားလာနေသော ကုန်သေတ္တာတင် သင်္ဘောများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

 ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၅ ဒသမ ၈ ဘီလီယံ လျာထားမျှော်မှန်းထားခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၅၆၈၉ ဒသမ ၂၅၀ သန်း)ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)ထံမှ သိရသည်။ 

“အမှန်ဆိုရင် ကျွန်တော်တို့က ပြည့်အောင် ပေးလိုက်နိုင်တဲ့ အနေအထားရှိတယ်။ အခု လက်ထဲမှာတင် ၃ ဒသမ ၅ ဘီလီယံလောက် ကျန်နေခဲ့တာ ရှိတယ်။ တကယ်တမ်းဆို ဒီနှစ်တောင် ပြည့်အောင် ပေးမယ်ဆိုပြီး တကယ်တမ်းလည်း ရည်မှန်းထားတာပေါ့။ သို့သော်လည်း လက်ရှိကြတော့ ပြည့်မီရေးထက် Quality ရှိရေးကိုလည်း ဦးစားပေးတယ်။ အဲဒီတော့ တစ်ချို့ဟာတွေဆိုရင် လက်ထဲမှာလည်း ရောက်နေပြီ ။ သို့သော်လည်း တိုင်းဒေသကြီး/ပြည်နယ်ရဲ့ သဘောထား မှတ်ချက်တွေ ၊ ကျန်တဲ့ ဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေ လုပ်ဆောင်စရာရှိတာတွေ နည်းနည်း လိုနေတာလေးတွေ ရှိလို့ ကျွန်တော်တို့က ထားခဲ့တာပါ။”ဟု DICA မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

 ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၄၅ ခု ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၄,၂၃၅ ဒသမ ၂၈၇ သန်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅,၅၂၅ ဒသမ ၉၇၃ သန်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၆၃ ဒသမ ၂၇၇ သန်း ဖြစ်ကြောင်း သိရသည်။ 

“Globally ကျနေတဲ့ အခါမှာ Globally ပဲ စဉ်းစားတဲ့ အခါကြရင် Globally က ၄၀ ရာခိုင်နှုန်းလောက်ကျတယ်။ ကျွန်တော်တို့က ပြောရရင် အဲလို မကျဘူး ။ အဲလောက် မကျဘူး ။ ပြောရရင် မနှစ်ကထက် စာလို့ ရှိရင်တောင် ဒီနှစ်က ပိုတောင်များသေးတယ်။ သာမန်အားဖြင့်ဆိုရင် ယခင်နှစ် data နဲ့ ဒီနှစ် data နဲ့ ယှဉ်ရင်တောင် ဒီနှစ်က ပိုများတဲ့ အနေအထား ရှိတာပေါ့ ။ ကျွန်တော်တို့ ရထားတာက ။ ဒီနှစ်မှာက တကမ္ဘာလုံး ကပ်ဘေးဆိုက်တဲ့ အနေအထားအရ သူများ ၄၀ ရာခိုင်နှုန်း လျော့တယ်။ ကျွန်တော်တို့ အဲလောက် မလျော့ဘူး ။ ပြောရရင် သူများလျော့သလောက် မလျော့ဘူး ။ ကျွန်တော်တို့ရဲ့ Investment က ပုံမှန်လေးတော့ သွားနေတယ်။”ဟု DICA မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ 

“အခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကို အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံကိုပဲ ဆက်ထားလို့ရှိရင် သေချာပေါက် ရနိုင်သေးတယ်လို့ ကျွန်တော်တို့က လက်ရှိ ခန့်မှန်းထားတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍများတွင် စက်မှုကုန်ထုတ်လုပ်မှု ကဏ္ဍ နှင့် လျှပ်စစ် ကဏ္ဍတို့တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117