Connect with us

Local

မြန်မာ့ ထုတ်ကုန်များ Alibaba.com မှာ ရောင်းဝယ် နိုင်ပြီ

Alibaba and Myanmar Global Expo ဖွင့်ပွဲအခမ်းအနား အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အွန်လိုင်း ဈေးကွက်အဖြစ် နိုင်ငံတကာတွင် လူသိများသည့် Alibaba.com တွင် အရောင်းအဝယ် ပြုလုပ်နိုင်ရန် အတွက် IGS Infinity Global Group မှ မြန်မာနိုင်ငံ၏ Service Provider အနေဖြင့် စတင် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံမှ ထုတ်ကုန်များ အား Alibaba.com တွင် ရောင်းဝယ်နိုင်ပြီ ဖြစ်ကြောင်း IGS Infinity Global Group မှ တာဝန်ရှိသူ ဒေါ်မေချိုချိုက ဆင်ဟွာကို ပြောသည်။

Alibaba.com သည် နိုင်ငံတကာ ဈေးကွက်တွင် အောင်မြင်သည့် အွန်လိုင်း ဈေးကွက်ကြီး တစ်ခုဖြစ်ပြီး၊ Business to Business ပြုလုပ်နိုင်သည့် e-Commerce Platform တစ်ခု ဖြစ်ကြောင်း သိရသည်။ Alibaba.com တွင် မိမိလုပ်ငန်း နှင့် ဝန်ဆောင်မှု လုပ်ငန်းများ အား နိုင်ငံတကာမှ ဝယ်ယူသူများ သိရှိရန် အရောက် ပို့ပေးကာ အရောင်းအဝယ် ပြုလုပ်နိုင်သော ဝန်ဆောင်မှု ဖြစ်ကြောင်း သိရသည်။

စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က Alibaba and Myanmar Global Expo ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က Alibaba and Myanmar Global Expo ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က “ အလီဘာဘာ ပလက်ဖောင်းက ကမ္ဘာကျော်တဲ့ ပလက်ဖောင်း တစ်ခုဖြစ်တယ်။ ဆိုင်ဖွင့်ရင် ဆိုင်ခန်းငှားခ ကုန်မယ် ။ အခုဟာက Electronic Business ဆိုတော့ တစ်ကမ္ဘာလုံးနဲ့ ရောင်းလို့ဝယ်လို့ရတယ်’’ ဟု ပြောသည်။

စီးပွားရေးတွင် အဓိက အားဖြင့် P (ပီ) လေးလုံးက အရေးကြီးကြောင်း ၊ Product (အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်)၊ Price (ဈေးနှုန်း) ၊ Promotion (ကြော်ငြာခြင်း) ၊ Place (တည်နေရာ) တို့ဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

ဒေါက်တာအောင်ထွန်းသက်က “ အလီဘာဘာ ပလက်ဖောင်းမှာဆိုရင် တစ်ကမ္ဘာလုံးကို ရောင်းလို့ရတယ်။ ဝယ်လို့ ရတယ်။ ဒီတော့ Place က ရှိပြီးသား၊ Promotion တစ်ကမ္ဘာလုံး သိပြီးသားဖြစ်လို့ ပရိုမိုးရှင်းလည်း လုပ်စရာမလိုဘူး။ Product ဆိုတဲ့ ထုတ်ကုန်ကို အရည်အသွေးထိန်းပြီး Price ကို အရည်အသွေးနဲ့ လိုက်လျောညီထွေ သတ်မှတ်ဖို့ပဲလိုတော့ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ထုတ်ကုန်တွေကို ဒီ Alibaba.com ကနေပြီးတော့ ရောင်းစေချင်တယ်။ ကျွန်တော်တို့ကမ္ဘာ့ဈေးကွက် ကိုဖောက်စေချင်ပါပြီ’’ ဟုပြောသည်။

Alibaba.com တွင် မိမိ ကုန်ပစ္စည်းအား တင်၍ ရောင်းချလိုပါက Gold Supplier Membership ဝင်ရန် လိုအပ်ကြောင်း သိရသည်။ Gold Supplier Membership တွင် အမျိုးအစား ၃ မျိုးရှိ၍ Gold Supplier Premium အတွက် တစ်နှစ်စာ ဒေါ်လာ ၆,၄၉၉ ၊ Gold Supplier Standard အတွက် တစ်နှစ်စာ ဒေါ်လာ ၃,၄၉၉၊ Gold Supplier Basic အတွက် တစ်နှစ်စာ ၁,၈၉၉ ဒေါ်လာ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်မေချိုချိုက “ ကျွန်မတို့ အနေနဲ့ ဒီလို Alibaba.com နဲ့ ကို ဖိတ်ခေါ်ရတဲ့ ရည်ရွယ်ချက်က ကျွန်မတို့ မြန်မာနိုင်ငံက ထုတ်ကုန်တွေကို ကမ္ဘာ့ဈေးကွက်ကို ဝင်စေချင်လို့ပါ။ ကမ္ဘာ့ နာမည်ရပြီးသား ဝက်ဘ်ဆိုက်တစ်ခု ဖြစ်လို့ ကိုယ့်ပစ္စည်းတွေကိုလည်း ကမ္ဘာ့ဈေးကွက်မှာ အလွယ်တကူ သိစေနိုင်မှာ ဖြစ်ပါတယ်။ အခု လောလောဆယ် Alibaba.com မှာ ဈေးရောင်းဖို့ အတွက် တင်ပြထားသူ ၆၀၀ ကျော်ရှိနေပါပြီ’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.