Connect with us

Business

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပဲနှင့်ပဲမျိုးစုံ ၁.၉၁ သန်းတန် ကျော် တင်ပို့နိုင်

မြန်မာနိုင်ငံမှထွက်ရှိသော ပဲမျိုးစုံအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပဲနှင့်ပဲမျိုးစုံတန်ချိန် ၁.၉၁ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးကြောင်း သိရသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် ပဲနှင့် ပဲမျိုးစုံတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄၇ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း ရေကြောင်းမှတစ်ဆင့် မြန်မာ့ပဲ နှင့် ပဲမျိုးစုံတန်ချိန် ၁.၆၄ သန်းကျော် တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၂၇၈,၃၇၈ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုများကို ပင်လယ်ရေကြောင်းဖြင့် အများဆုံး ကုန်သွယ်မှုပြုလေ့ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယတို့မှာ မြန်မာနိုင်ငံ ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ပဲနှင့် ပဲမျိုးစုံမှာ ဆန်စပါးပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသည့် သီးနှံဖြစ်ပြီး နိုင်ငံ၏ စုစုပေါင်း လယ်ယာစိုက်ပျိုးရေးထုတ်ကုန်၏ ၃၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပဲနှင့် ပဲမျိုးစုံကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ (Xinhua)