Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် အလွတ်သဘောတွေ့ဆုံခြင်းနှင့် နီပေါနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်များပြီးနောက် ပေကျင်းသို့ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံတော် သမ္မတ ရှှီကျင့်ဖိန်အား လေဆိပ်တွင် အခမ်းအနားဖြင့် နှုတ်ဆက်ပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ (Narendra Modi) နှင့် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံခြင်း၊ နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခြင်းများပြီးနောက် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ခရီးစဉ်များ၌ ရှီနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး သင်းရွှီးရှန်၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ အမျိုးသားကော်မတီ ဒုတိယဉက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း တို့ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံတော် သမ္မတ ရှှီကျင့်ဖိန်အား လေဆိပ်တွင် အခမ်းအနားဖြင့် နှုတ်ဆက်ပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

သမ္မတ ရှီနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် မွန်းတည့်ချိန်၌ ခတ္တမန္ဒူမြို့မှ ထွက်လာခဲ့ပြီး လေဆိပ်သို့သွားရာ လမ်းတစ်ဖက်တစ်ချက်စီ၌ နီပေါနိုင်ငံသားများက အလံများဝှေ့ယမ်းခြင်းနှင့် တေးဂီတများ တီးခတ်ကာ နှုတ်ဆက်ခဲ့ကြသည်။

နီပေါနိုင်ငံ သမ္မတ ဘစ်ဒ်ယာ ဒက်ဗ်ဗီ ဘန်ဒါရီ (Bidya Devi Bhandari) က သမ္မတ ရှီအတွက် လေဆိပ်တွင် နှုတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနား၌ သေနတ် ၂၁ ချက်ပစ်ဖောက်ကာ အလေးပြုခဲ့ပြီး တရုတ်နှင့် နီပေါ နှစ်နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများ တီးမှုတ်ခဲ့ကြောင်း၊ အခမ်းအနားသို့ နီပေါနိုင်ငံ ဒုတိယ သမ္မတ နန်ဒါ ဗဟာဒူးပန် (Nanda Bahadur) ၊ ဝန်ကြီးချုပ် ကေပီ ရှာမန် အိုလီ (K.P. Sharma Oli) ၊ အမျိုးသားလွှတ်တော် ဉက္ကဋ္ဌ ဂါနက်ရှ် ပရာဆတ် တီမီလ်စီနာ (Ganesh Prasad Timilsina) ၊ အစိုးရအဖွဲ့ဝင်များ၊ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။ 

နီပေါနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် “အလွန်အောင်မြင်မှုရှိသော” ခရီးစဉ်ဟု သမ္မတ ရှီကျင့်ဖိန်က နီပေါနိုင်ငံသို့ ရောက်ရှိစဉ်က ပြောကြားခဲ့သည်။

ရှီက နီပေါနိုင်ငံ သမ္မတ၊ အစိုးရနှင့် ပြည်သူများ၏ စီစဉ်မှုများအတွက် ကျေးဇူးတင်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့်တင်မှုတွင် အကျိုးရလဒ်များရှိခဲ့သဖြင့် ဤခရီးစဉ်အပေါ် အလွန်ပင် ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် နီပေါ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ပူးတွဲကြိုးပမ်းအားထုတ်ကြရန်လည်း ရှီက တိုက်တွန်းခဲ့သည်။

နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီကလည်း သမ္မတ ရှီ၏ ခရီးစဉ် အောင်မြင်မှုရှိပြီး အကျိုးရှိသော ခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းကြောင်းတွင် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)