Connect with us

Politics, Law & Military

တရုတ်သမ္မတရှီကျင့်ဖိန်က နတ်ရွာစံထိုင်းဘုရင်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

နတ်ရွာစံ ဘုရင်ဘူမီဘော ရုပ်ပုံကို ကိုင်မြှောက်ပြီး ဝမ်းနည်းပူးဆွေးနေကြသော ထိုင်းပြည်သူများအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နတ်ရွာစံထိုင်းဘုရင်မင်းမြတ် ဘူမီဘောအဒူလျာဒတ်အတွက် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာတစ်စောင်ကို ထိုင်းမိဖုရားကြီး သီရိခေတ်(Sirikit) ထံ အောက်တိုဘာလ ၁၃ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင်မင်းမြတ် ကွယ်လွန်ခြင်းအတွက် တရုတ်ပြည်သူများ ကိုယ်စား သမ္မတရှီက ဝမ်းနည်းကြေကွဲရပါကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပြီး ထိုင်းပြည်သူများ နှင့် တော်ဝင်မိသားစုဝင်များအတွက်လည်း အလွန်အမင်း စာနာမိပါကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

ဘုရင်ဘူမီဘောသည် ထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် နှင့် တရုတ်-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေးခိုင်မာစေရန် တွန်းအားပေး လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင် ရေးသားထားသည်။

ထို့ပြင် ယနေ့အချိန်အခါတွင် တရုတ်-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရအောင် ဘုရင်ဘူမီဘော၏ ကြိုးပမ်းအားထုတ်မှုက အလွန်အရေးပါကြောင်း ရှီက ဆိုသည်။

ဘုရင်ကြီး၏ ပုဂ္ဂိုလ်ရေး အလေးဂရုပြုခြင်း နှင့် တွန်းအားပေးခြင်းကြောင့် တရုတ် နှင့် ထိုင်းနိုင်ငံကြား ဆက်ဆံရေးတွင် အသီးအပွင့်များစွာကို ခံစားခဲ့ရကြောင်း ရှီက ထပ်မံပြောကြားခဲ့သည်။

ဘုရင်ဘူမီဘော နတ်ရွာစံခြင်းမှာ ထိုင်း နှင့် တရုတ် ပြည်သူများအတွက် ကြီးမားသော ဆုံးရှုံမှုဖြစ်ကြောင်း နှင့် ဘုရင်ကြီးသည် နှစ်နိုင်ငံပြည်သူများ၏ ရင်ထဲတွင် အမြဲထာဝရ ရှိနေမည်ဖြစ်ကြောင်း ရှီက ဆိုသည်။ထို့ပြင် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် တရုတ်နိုင်ငံက အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ထပ်မံပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး အစီအစဉ်သစ်တစ်ရပ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အတိတ်ကာလက ရရှိခဲ့သော အောင်မြင်မှုများအတိုင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ၊ အိမ်နီးချင်းကောင်းများအဖြစ် အတူတကွယှဉ်တွဲနေထိုင်သွားမည်ဖြစ်ကြောင်း နှင့် နှစ်နိုင်ငံပြည်သူများ နှင့် အစိုးရများအတွက် နှစ်ဖက်အပြန်အလှန်အကျိုးစီးပွားကို ဖြစ်ထွန်းစေလို့မည့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီ၏ သဝဏ်လွှာတွင် ထပ်လောင်းဖော်ပြထားသည်။(Xinhua)