Connect with us

Politics, Law & Military

အမေရိကန် အရာရှိ ၁၁ ဦးအား အရေးယူပိတ်ဆို့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင်ရှိသူ ကျောက်လိကျန်းအား ဩဂုတ် ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်သည် ဟောင်ကောင်အရေးကိစ္စကို ပြောင်ပြောင်တင်းတင်း လက်လျှိုဝင်ပြီး တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို တရကြမ်း ဝင်ရောက်စွက်ဖက်နေခြင်းသည် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို ဆိုးဝါးစွာ ချိုးဖောက်ခြင်းဖြစ်ရာ ၎င်း၏ လုပ်ရပ်များကို ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဩဂုတ် ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဩဂုတ် ၇ က ဟောင်ကောင်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ဖျက်ဆီးသည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ ဗဟိုအစိုးရဌာနနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အရာရှိ ၁၁ ဦးကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းအပေါ် ကျောက်လိကျန်းက အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်၏ မှားယွင်းသည့်လုပ်ဆောင်ချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ယနေ့မှစ၍ ဟောင်ကောင်အရေးတွင် ဆိုးဝါးစွာ စွက်ဖက်နေသော အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် Marco Rubio၊ Ted Cruz၊ Josh Hawley၊ Tom Cotton၊ Pat Toomey၊ အောက်လွှတ်တော်အမတ် Chris Smith နှင့်  NED ဥက္ကဋ္ဌ Carl Gershman ၊ NDI ဥက္ကဋ္ဌ Derek Mitchell၊ IRI ဥက္ကဋ္ဌ Daniel Twining၊ HRWအမှုဆောင်ဥက္ကဋ္ဌ Kenneth Roth၊ Freedom House ဥက္ကဋ္ဌ Michael J. Abramowitzတို့အား အရေးယူပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ 

ဟောင်ကောင်သည် အမိမြေသို့ ပြန်လည်ရောက်ရှိပြီးနောက် “တစ်နိုင်ငံ စနစ် နှစ်ခု”သည် ကမ္ဘာက အသိအမှတ်ပြုလောက်သည့် အောင်မြင်မှုရရှိခဲ့ရာ ဟောင်ကောင်ဒေသခံပြည်သူများသည်လည်း ဥပဒေနှင့်အညီ ဒီမိုကရေစီ အခွင့်အလမ်းများကို ယခင်နှင့်မတူ ခံစားခွင့်ရရှိခဲ့သလို လွတ်လပ်မှုအမျိုးမျိုးကိုလည်း ဥပဒေနှင့်အညီ အပြည့်အဝရရှိခဲ့ကြကြောင်း၊ ၎င်းမှာ တစ်ဖက်သတ်အမြင်မရှိသူတိုင်း ငြင်းဆို၍မရသည့် လက်တွေ့အမှန်တရားပင်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ”တစ်နိုင်ငံ စနစ် နှစ်ခု”ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အန္တရာယ် စိန်ခေါ်မှုအသစ်များကိုလည်း ကြုံတွေ့လာရာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ အမျိုးသားလုံခြုံရေးအန္တရာယ်သည် တစ်နေ့တစ်ခြား ပေါ်လွင်လာကြောင်း၊ ဟောင်ကောင်ဒေသ အမျိုးသားလုံခြုံရေးသည် အန္တရာယ်ကြုံတွေ့၍ ဆိုးဝါးစွာ ယိုယွင်းလာရာ ဒေသအစိုးရအနေဖြင့် အမျိုးသားလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရေးအတွက် ဥပဒေပြဋ္ဌာန်းရန် ခဲယဉ်းလာသည့်အခြေအနေတွင် တရုတ်နိုင်ငံ ဗဟိုအစိုးရသည် နိုင်ငံတော်အဆင့်မှ ဟောင်ကောင်အထူးဒေသ၏ အမျိုးသားလုံခြုံရေးကိုကာကွယ်ထိန်းသိမ်းသည့် ဥပဒေစနစ်နှင့်အကောင်အထည်ဖော်မှုဆိုင်ရာ ယန္တရားကို ပြည်စုံအောင် ပြတ်ပြတ်သားသား တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ၊ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေသည် အမျိုးသာလုံခြုံရေးကို ပြင်းပြင်းထန်ထန် အန္တရာယ်ပြုနေသည့်  ပြစ်မှုကျူးလွန်သူ  အလွန်တရာနည်းပါးသော လူနည်းစုကိုသာ အရေးယူဆောင်ရွက်ခြင်း ဖြစ်ပြီး ဥပဒေနှင့်အညီနေထိုင်သည့် မြောက်မြားလှစွာသော ဟောင်ကောင်ဒေသခံ ပြည်သူများကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ဟောင်ကောင်ဖြစ်ပြီး ဟောင်ကောင်အရေးကိစ္စသည်လည်း လုံးဝဥဿုံ တရုတ်နိုင်ငံ၏ပြည်တွင်းရေးဖြစ်ရာ မည်သည့် ပြင်ပအင်အားစုကမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း ၊ အမေရိကန်အနေဖြင့် အခြေအနေကို ရှင်းရှင်းလင်းလင်းသိရှိရန် ၊ အမှားကိုအမှန်ပြင်ရန် ၊ ဟောင်ကောင်အရေးလက်လျှိုဝင်နေခြင်း၊ တရုတ်နိုင်ငံ ပြည်တွင်းရေးအား စွက်ဖက်ခြင်းကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ကျောက်လိကျန်း ပြောကြားခဲ့သည်။(Xinhua)