Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် CICA နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မိန့်ခွန်းပြောကြား

CICA နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဧပြီလ ၂၈ ရက်တွင် ကျင်းပသည့် အာရှနိုင်ငံများကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး နှင့် ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်ချက်များ ဆိုင်ရာ ညီလာခံ (Conference on Interaction and Confidence Building Measures in Asia (CICA)) ၏ ၅ ကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အဖွင့် မိန့်ခွန်း ပြောကြားခဲ့သည်။

သမ္မတရှီ၏ အဖွင့် မိန့်ခွန်းတွင် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားအရေး နှင့် တောင်တရုတ်ပင်လယ် အရေးများကို ထည့်သွင်း ပြောကြားခဲ့သည်။ နျူကလီယား အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို အပြည့်အဝ ထောက်ခံကြောင်းနှင့် ကိုးရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေး ၊ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာကြရန် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတရှီက ကိုးရီးယား ကျွန်းဆွယ်အရေးတွင် ပါဝင်နေသည့် နိုင်ငံအားလုံးသည် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ၊ ရန်လိုသည့် အပြုအမူကို ရှောင်ရှားကြရန်နှင့် နျူကလီယား အရေးကို တွေ့ဆုံ ဆွေးနွေးရေး စကားဝိုင်းပေါ်သို့စောနိုင်သမျှ အစောဆုံး ရောက်ရှိလာအောင် ဝိုင်းဝန်း လုပ်ဆောင်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ် တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို တရုတ်နိုင်ငံက အမြဲ လိုလားကြောင်း သမ္မတရှီက ဆိုသည်။ တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ အချုပ်အခြာအာဏာ ၊ အခွင့်အရေးများနှင့် အကျိုးစီးပွား လုံခြုံရေး အတွက် အခိုင်အမာ ကာကွယ်မည် ဖြစ်ကြောင်းနှင့် တောင်တရုတ် ပင်လယ် အငြင်းပွားမှုများတွင် တိုက်ရိုက် ပါဝင်နေသည့် နိုင်ငံအားလုံးသည် ချစ်ခင် ရင်းနှီးစွာဖြင့် တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့်သာ အဖြေရှာကြရန် ၎င်းက ဆက်လက် ပြောကြားသည်။
ထို့ပြင် တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အား တည်ငြိမ်မှု ၊ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပြည့်စုံသည့် ဒေသတစ်ခု ဖြစ်လာစေရန် အတွက် အရှေ့တောင် အာရှ နိုင်ငံများ နှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု သမ္မတရှီက ဆိုသည်။
အာရှဒေသ လုံခြုံရေး ဆိုင်ရာ ညှိနှိုင်း တိုင်ပင်မှုများနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး CICA အဖွဲ့ကို ၁၉၉၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၎င်းတွင် အဖွဲ့ဝင် ၂၆ နိုင်ငံ ပါဝင်ပြီး အခြားနိုင်ငံ ပေါင်း ၁၂ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် လေ့လာသူ အဖြစ် ဆွေးနွေးပွဲကို တက်ရောက်ကြကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.