Connect with us

Politics, Law & Military

ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ဒေသတစ်ခုလုံး အတိုင်းအတာဖြင့် COVID-19 စမ်းသပ်မှုတွင်ပါဝင်ကြရန် ပြည်သူများအား တိုက်တွန်း

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း နှင့် အမှုဆောင်ကောင်စီအဖွဲ့ဝင်များ မေ ၂၂ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ရောဂါကူးစက်မှုကွင်းဆက်များကို ဖြတ်တောက်ပစ်ရန်အတွက် ဟောင်ကောင်အစိုးရမှ ဦးဆောင်ပြုလုပ်နေသည့် ဒေသတစ်ခုလုံး COVID-19 ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွင် ပြည်သူများအနေဖြင့် တက်ကြွစွာပါဝင်ကြရန် ယနေ့ စက်တင်ဘာ ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် လူပေါင်း ၁၀,၀၀၀ ကျော်ကို COVID-19 ကူးစက်ခံရခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးကယ်ရီလမ်းသည် ဟောင်ကောင်အမှုဆောင်ကောင်စီဝင်များနှင့်အတူ သတင်းစာရှင်းလင်းပွဲတစ်ခုသို့ အတူတကွတက်ရောက်စဉ် အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

လမ်းက ၎င်းကိုယ်တိုင် စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ပြီး ယင်းလုပ်ငန်းစဉ်များသည် ရိုးရှင်းမှု ၊ ဘေးကင်းမှု နှင့် လျင်မြန်မှုရှိကြောင်း ၊ ယင်းရောဂါစမ်းသပ်စစ်ဆေးမှုအစီအစဉ်က ကပ်ရောဂါတိုက်ဖျက်ရေး နှင့် လူမှုဘဝ နှင့် စီးပွားရေး ပြန်လည်နလံထူရန် အထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် ဩဂုတ် ၃၁ ရက်က အတည်ပြုလူနာသစ်အရေအတွက်သည် ခုဂဏန်းအထိ ကျဆင်းခဲ့ရာ ယင်းမှာ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်ခဲ့ပြီးနောက်ပိုင်း ဒုတိယ အကြိမ်အဖြစ် အတည်ပြုလူနာအရေအတွက် ခုဂဏန်းထိရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော် လူမှုအသိုက်အဝန်းအနေဖြင့် အသွားအလာ ကန့်သတ်ခံရခြင်း နှင့် စီးပွားရေးရပ်တံ့ထားရခြင်း အပါအဝင် အလွန်ကြီးမားသော အဖိုးအခတစ်ခုကို ပေးဆပ်ခဲ့ရကြောင်း၎င်းက ဆိုသည်။

ဟောင်ကောင်တွင် အတည်ပြုလူနာအရေအတွက် လေးပုံတစ်ပုံသည် လက္ခဏာမပြဘဲ ကူးစက်ခံရသူများဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့် ရောဂါစမ်းသပ်စစ်ဆေးရေးအစီအစဉ်တွင် ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း နှင့် ယင်းမှာ ရောဂါတိုက်ဖျက်ရေးအတွက် အလွန်ကြီးမားသော အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ကယ်ရီလမ်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)