Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ထျန်းဝန်-၁ က အင်္ဂါဂြိုဟ်သို့သွားရာလမ်းတွင် ကိုယ်တိုင် Selfie ဓာတ်ပုံရိုက်ပြီးပို့

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ ၏ Selfie ဓာတ်ပုံကို တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ထားစဉ် (ဓာတ်ပုံ- China National Space Administration /Handout via Xinhua)

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) ၏ ပျံသန်းနေစဉ်အတွင်း ဓာတ်ပုံများကို တရုတ်နိုင်ငံ အမျိုးသားနေ့နှင့် ဆောင်းဦးရာသီပွဲတော်တို့ တစ်ပြိုင်နက်ကျရောက်သော အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

ထျန်းဝန်-၁ က ဘေးကင်းကြောင်း အမိမြေထံသို့သတင်းပို့ကာ မွေးနေ့ဆုတောင်းများကိုလည်း ပေးပို့ခဲ့ကြောင်း CNSA က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ 

အဆိုပါ ဓာတ်ပုံတွင် တောက်ပနေသော ရွှေရောင်ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်၊ ငွေရောင် ဂြိုဟ်ပေါ်ဆင်းသက်ယာဉ်နှင့် ဂြိုဟ်ပေါ်သွားယာဉ်တို့နှင့်အတူ တရုတ်နိုင်ငံ၏ ကြယ်ငါးပွင့်ပါရှိသော အနီရောင်အလံတို့ကို စကြဝဠာ၏ အမှောင်ထုအတွင်း၌ မြင်တွေ့ရသည်။

ထျန်းဝန်-၁ ပေါ်ရှိ အလံသည် အလေးချိန် ၁၄၄ ဂရမ်ရှိပြီး အတိုင်းအတာအားဖြင့် အလျား ၃၉ စင်တီမီတာနှင့် အနံ ၂၆ စင်တီမီတာရှိကာ A3 စာရွက် အရွယ်အစားထက် အနည်းငယ်သေးငယ်သည်။ ၎င်းအလံကို အထူးကိရိယာများနှင့် ပုံနှိပ်နည်းပညာဖြင့် ယာဉ်ပေါ်တွင် ဆေးမှုတ်ကာရေးဆွဲထားခြင်းဖြစ်သည်။ 

ယင်းဓာတ်ပုံသည် ထျန်းဝန်-၁ ၏ ပထဆုံးအကြိမ် ကိုယ်တိုင် Selfie ဓာတ်ပုံရိုက်ခြင်းဖြစ်သည်။ အဆိုပါ ဓာတ်ပုံများကို ထျန်းဝန်-၁ ယာဉ်အပြင်ဘက်တွင် တပ်ဆင်ထားသော သီးခြားတိုင်းတာရေးအာရုံခံစနစ်ဖြင့် ရိုက်ယူထားခြင်း ဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိ မြေပြင်ထိန်းချုပ်မှုမှ အမိန့်ပေးခြင်းဖြင့် အာရုံခံစနစ်က ထျန်းဝန်-၁ မှခွဲထွက်ပြီး မြင်ကွင်းကျယ်မှန်ဘီလူးနှစ်ခုဖြင့် စက္ကန့်တိုင်းတွင် ဓာတ်ပုံတစ်ပုံရိုက်ကူးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဓာတ်ပုံများကို ဝိုင်ဖိုင် (Wi-Fi) မှတစ်ဆင့် ထျန်းဝန်-၁ ဆီပို့ပေးပြီးနောက် ကမ္ဘာမြေသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

ထျန်းဝန်-၁ ယာဉ်သည် စက်တင်ဘာ ၃၀ ရက် သန်းခေါင်ယံအထိ ကီလိုမီတာ ၁၈၈ သန်း အကွာအဝေး ပျံသန်းခဲ့ပြီး လက်ရှိတွင် ကမ္ဘာမှ ကီလိုမီတာ ၂၄.၁၀ သန်း အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းယာဉ်ပေါ်ရှိ စနစ်များအားလုံး အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 

တရုတ်နိုင်ငံက အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်ကို ဇူလိုင် ၂၃ ရက်တွင် လွှတ်တင်ခဲ့သည်။ အဆိုပါ ယာဉ်ကို ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဂြိုဟ်ပေါ်ဆင်းသက်ခြင်းနှင့် လှည့်လည်သွားလာခြင်းတို့ကို လုပ်ငန်းစဉ်တစ်ခုတည်းတွင် ပြီးမြောက်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါယာဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဝန်းကျင်တွင် အင်္ဂါဂြိုဟ်ဆီသို့ ရောက်ရှိရန်မျှော်မှန်းထားသည်။ 

ထျန်းဝန်-၁ ယာဉ်သည် ကမ္ဘာနှင့် လ၏ ဓာတ်ပုံကို အောင်မြင်စွာရိုက်ယူနိုင်ခဲ့ပြီး ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်းကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယာဉ်ပေါ်တွင် ပါရှိသော ပစ္စည်းကိရိယာများ ကိုယ်တိုင်စစ်ဆေးမှုပြီးစီးခဲ့ကြောင်း သိရသည်။  (Xinhua)