Connect with us

Science & Technology

Shenzhou-11 အာကာသယာဉ်မှူးများအား ဂုဏ်ပြုဆုတံဆိပ်များပေးအပ်

Shenzhou-11 အာကာသယာဉ်မှူး ကျင်းဟိုင်ဖန် နှင့် ချန်တုံး အား သတင်းစာရှင်းလင်းပွဲတစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ)

Shenzhou-11 အာကာသယာဉ်လွှတ်တင်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသည့် အာကာသယာဉ်မှူး ၂ဦး အား တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာမှုတွင် ၎င်းတို့၏ ပါဝင်ကြိုးပမ်းမှုအား အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အသက် ၅၀နှစ်အရွယ်ရှိ Shenzhou-11 အာကာသယာဉ် ခေါင်းဆောင် ကျင်းဟိုင်ဖန် အား ပထမအဆင့် အာကာသလေကြောင်း ဆုတံဆိပ် နှင့် အသက် ၃၈နှစ်အရွယ်ရှိ အာကာသယာဉ်မှူး ချန်တုံး အား တတိယအဆင့် အာကာသလေကြောင်း ဆုတံဆိပ် ချီးမြှင့်ခဲ့ပြီး သူရဲကောင်း အာကာသယာဉ်မှူး အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

Shenzhou-11 အာကာသယာဉ်အား အောက်တိုဘာ ၁၇ရက်တွင် လွှတ်တင်ခဲ့ပြီးနောက် ၂ရက်အကြာတွင် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသဓါတ်ခွဲခန်း Tiangong-2 နှင့် ချိတ်ဆက်နိုင်ခဲ့ကာ အာကာသယာဉ်မှူးများသည် အာကာသအတွင်းအကြာဆုံးနေထိုင်မှုအဖြစ် ယင်းဓါတ်ခွဲခန်း၌ ရက်ပေါင်း ၃၀ကြာ နေထိုင်ခဲ့ကြောင်း သိရသည်။ Shenzhou-11 ခရီးစဉ်သည် ကျင်း၏ တတိယမြောက် အာကာသခရီးစဉ်ဖြစ်ပြီး ၎င်းသည် Shenzhou-7 နှင့် Shenzhou-9 အာကာသယာဉ်များ၏ ခရီးစဉ်များ၌ လိုက်ပါဖူးခဲ့သော်လည်း ချန် အတွက်မူ ပထမဆုံး အာကာသခရီးစဉ်ဖြစ်ကြောင်း သိရသည်။ Shenzhou-11အာကာသယာဉ်လွှတ်တင်မှှုမှာ တရုတ်နိုင်ငံ၏ အာကာသ၌ အမြဲတမ်း လူနေထိုင်မည့် အာကာသဓါတ်ခွဲခန်း ထားရှိမည့်အစီအစဉ်အတွက် အဓိကကျသည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်သည်။ (Xinhua)