Connect with us

Social, Education & Health

တရုတ်နိုင်ငံက အီဘိုလာ ရောဂါ ကာကွယ်ဆေး အမြောက်အများ ထုတ်လုပ်ရန် စီစဉ်

တရုတ် နိုင်ငံ မှ ကိုယ်ပိုင် စမ်းသပ် ထုတ်လုပ် ခဲ့သည့် အီဘိုလာ ကာကွယ်ဆေး အား လက်တွေ့ စမ်းသပ်မှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

ထျန်ကျင်း၊ အောက်တိုလ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပုဂ္ဂလိက ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုသည် တရုတ်စစ်ဘက် သိပ္ပံပညာရှင်များ က ဖန်တီးလိုက်သည့် အီဘိုလာ ဗိုင်းရပ်စ် အား ကာကွယ်ဆေးကို အများအပြား ထုတ်လုပ်ရန် စီစဉ် နေကြောင်းသိရသည်။

ထျန်ကျင်း ကန်ဆိုင်နို ဇီဝနည်းပညာ ကုမ္ပဏီမှ အီဘိုလာ ဗိုင်းရပ် ကာကွယ်ဆေး ထုတ်လုပ်သည့် လုပ်ငန်း အခြေစိုက် စခန်းကို ထျန်ကျင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး ဧရိယာအတွင်း စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း ကုမ္ပဏီ၏ သတင်း အရင်းအမြစ်များ အရ အောက်တိုဘာလ ၁၄ ရက် တွင် သိရသည်။

ရင်းနှီးမြှုပ်နှံမှု အနေဖြင့် စုစုပေါင်း ယွမ်ငွေ ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၁၇ သန်း) ကုန်ကျမည် ဖြစ်ကြောင်းနှင့် စခန်း တည်ဆောက်ရေး လုပ်ငန်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ် နိုင်မည်ဟု ခန့်မှန်း ကြသည်။
အဆိုပါ စခန်းကမှ အဆုတ်ရောင်နာ၊ ဦးနှောက် အမြှေးပါးရောင် ရောဂါ နှင့် အဆုတ်နာ ရောဂါများ အတွက် ကာကွယ် ဆေးများကိုလည်း ထုတ်လုပ် ပေးနိုင်မည် ဖြစ်ကြောင်းနှင့် တစ်နှစ်လျှင် ကာကွယ်ဆေး အလုံးပေါင်း သန်း၂၀၀ ကျော် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ပညာရှင်များက အပူချိန် ၃၇ ဒီဂရီ ဆယ်လ်စီးယပ် အထိ အနည်းဆုံး နှစ်ပတ်ကြာမျှ ခံနိုင်ရည်ရှိသော ယင်းကာကွယ်ဆေးသည် အပူပိုင်း ရာသီဥတု ရှိသော အနောက် အာဖရိက နိုင်ငံများအတွက် အထူး သင့်လျော်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ နိုင်ငံများတွင် ၂၀၁၄ ခုနှစ်တွင် စတင် ဖြစ်ပွားခဲ့သည့် အီဘိုလာ ကပ်ရောဂါ ကြောင့် လူပေါင်း ၁၁,၂၉၇ ယောက် သေဆုံး ခဲ့ကြရသည်။
လိုက်ဘေးရီယား နိုင်ငံ နှင့် ဂီနီနိုင်ငံ တို့နှင့်အတူ အီဘိုလာ ရောဂါ ကူးစက်မှု အများဆုံး ခံရသည့် နိုင်ငံ သုံးနိုင်ငံ များထဲမှ တစ်ခုဖြစ်သည့် ဆီရား လီအွန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက် အရ ယင်း ကာကွယ်ဆေးသည် ဆေးပညာ ရှုထောင့်အရ ဘေးကင်း လုံခြုံမှုကို သက်သေ ပြနိုင်ခဲ့ကြောင်း သိရသည်။
အီဘိုလာ ရောဂါ စတင် ဖြစ်ပွားခဲ့သည့် အချိန်တွင် တရုတ် နိုင်ငံသည် အမေရိကန် ဒေါ်လာ သန်း ၁၂၀ ကူညီ ထောက်ပံ့ ပေးခဲ့သည့် အပြင် ကျန်းမာရေး ဝန်ထမ်း ၅၀၀ နှင့် ပညာရှင်များကို ရောဂါ ကူးစက်ခြင်း ခံရသည့် နိုင်ငံများသို့စေလွှတ်ပေး ခဲ့ကြောင်း သိရသည်။ (Xinhua)