Connect with us

MYANMAR

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်း

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နှာခေါင်းစည်း တပ်ဆင်ထားသော ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

အစိုးရ အနေဖြင့် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား အားလုံးအပေါ် ယနေ့ မတ် ၂၉ ရက် မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှစတင်၍ ဧပြီလ ၃၀ ရက် အထိ ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်များကို ချမှတ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်များမှာ နိုင်ငံခြားသားအားလုံးအား (မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မြန်မာ နိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ် မှူးများ/ သင်္ဘောအရာရှိ များ၊တာဝန်ရှိအမှုထမ်းများမှလွဲ၍)လူမှုရေးဗီဇာအပါအဝင် မည်သည့် ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်း ၊ အာဆီယံနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ အစီအစဉ်ဖြင့် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား (သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများမှအပ) ဗီဇာ ကင်းလွတ်ခွင့်ကို ယာယီ ရပ်ဆိုင်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်မူ ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး တို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထား ရယူနိုင်မည်ဖြစ်ကြောင်း ၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော (၇၂)နာရီ မတိုင်မီက ရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်အထောက်အထားပြသရန် လိုအပ်မည်ဖြစ်ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် မှစတင်၍ ၎င်းတို့နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

 မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/သင်္ဘောအရာရှိများ၊ တာဝန်ရှိ အမှုထမ်းများအနေဖြင့်လည်း ပြည်ပ နိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည်ဖြစ်ကြောင်း ၊ ၎င်းတို့အနေဖြင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့်  လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။ 

သို့ရာတွင် ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့် ဖြစ်စေ သို့မဟုတ် အရေးပေါ် တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ယင်းပြည်ဝင်ဗီဇာကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး များသို့ ဆက်သွယ်အကူအညီတောင်းခံရန် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။(Xinhua)