Connect with us

MYANMAR

ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ ပြည်သူများ ပြည်တွင်းခရီးသွားလာခြင်း မပြုကြရန် အသိပေး 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား အချိန်မီ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ ပြည်တွင်းခရီးသွားလာခြင်း မပြုကြရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ပြည်သူသို့ အသိပေးပန်ကြားချက် ထုတ်ပြန်ခဲ့သည်။ 

မဖြစ်မနေ ခရီးသွားရောက်ရန် ရှိပါကလည်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက် နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လည်း ပန်ကြားထားသည်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက”လက်ရှိအခြေအနေတွေကတော့ ရောဂါဖြစ်ပွားမှုတွေက တိုးနေတုန်းပါပဲ။ မနေ့ကညနဲ့ ဒီနေ့ မနက်ပေါင်းလိုက်ရင် အများဆုံးပါပဲ။၂၀၂ ယောက်ရှိတယ်။ အခုဆိုရင် ပိုးတွေ့လူနာတွေ ဒီနေ့အထိ ဆိုရင် ၂,၀၀၉ ယောက် ဖြစ်သွားပြီ။ ပြီးခဲ့တဲ့ ပထမလှိုင်းလို့ ပြောရမယ့် ဩဂုတ် ၁၆ ရက် အရှေ့မှာဆိုရင် ၃၇၄ ယောက် ဖြစ်ဖို့ ငါးလလောက်ကြာတဲ့ အချိန်မှာ အဲဒီ ပထမ အရှေ့ ဖြစ်တာရဲ့ လေးဆခွဲလောက် ဖြစ်ဖို့အတွက်က အခု ၂၄ ရက်ပဲ ကြာတယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ် သုံးသပ်ရသော COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများအား ဩဂုတ် ၁၆ ရက်၌ ထပ်မံတွေ့ရှိခဲ့ရာ စက်တင်ဘာ ၁၀ ရက်အထိ တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူအရေအတွက်သည် အဆိုပါနေ့ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် ၇၃၆ ဦး၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၈၉၉ ဦး၊ စုစုပေါင်း ၁,၆၃၅ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၈ ဦး သေဆုံးခဲ့ကြောင်း အသိပေးပန်ကြားချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ 

“ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကိုသာ တစ်သွေမတိမ်း လိုက်နာလို့ရှိရင် လက်ရှိ ဖြစ်နေတဲ့ တိုးနေတဲ့ ရောဂါပိုး တွေ့ရှိမှု အခြေအနေကနေ အမြန်ဆုံး တန့်သွားဖို့ ၊ တန့်သွားတဲ့ အခြေအနေတွေကနေ ကျသွားဖို့အတွက်က ပြည်သူလူထုအားကို အဓိက လိုပါတယ်ဆိုတာ ပြောချင်ပါတယ်။” ဟု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆက်လက် ပြောကြားခဲ့သည်။ ယခုအခါတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂,၀၀၉ ဦး ရှိပြီး ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူပေါင်း ၁၄ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)