Connect with us

MYANMAR

ဇွန် ၁၆ ရက် မှစ၍  မြန်မာ့မီးရထား လမ်းပိုင်းတစ်ပိုင်းစီ တွင် ရထားတစ်စင်းစီတိုးချဲ့ ပြေးဆွဲမည်

ရန်ကုန်မြို့ ရှိ မြို့ပတ်ရထားတစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

COVID-19 ရောဂါ နှင့် ပတ်သက်၍ ဖြေလျှော့မှုများဆောင်ရွက်နေစဉ်အတွင်း ဇွန် ၁၆ ရက် မှစ၍  မြန်မာ့မီးရထား လမ်းပိုင်းတစ်ပိုင်းစီတွင် ရထားတစ်စင်းစီတိုးချဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၊ ခရီးသည်များကို social distancing (ခပ်ခွါခွါစီးနင်းစေသည့်ပုံစံ) ဖြင့် လက်မှတ်များရောင်းချပေးသွားမည်ဖြစ်ကြောင်း  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား (ခရီးသည်) မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးမင်းမင်းထွေးက ပြောသည်။  

၎င်းက “COVID-19 ဖြစ်ပွားနေစဉ် အတွင်း ဖြေလျှော့မှုတွေ မလုပ်ခင်တုန်းက  ရထားလမ်းပိုင်းတစ်ပိုင်းစီ မှာ ရထားတစ်စင်းစီ ပြေးဆွဲပေးနေပါတယ်။ အခုဖြေလျှော့မှုတွေ ဆောင်ရွက်တဲ့အချိန်မှာ လမ်းပိုင်းတစ်ခုစီကို နောက်ထပ်တစ်စင်းစီတိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်’ဟု ဆင်ဟွာသို့ ပြောသည်။

ဇွန် ၁၆ ရက်မှစတင်၍  ရန်ကုန်-မန္တလေးလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းနှင့်   ရန်ကုန်မြို့ပတ်လမ်းပိုင်းများရှိ  ရထားများအား  တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရထားများပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးစည်းမျဉ်းများနှင့် ကိုက်ညီစွာ ပြေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“social distancing (ခပ်ခွါခွါစီးနင်းစေသည့်ပုံစံ) ဆိုတာက ရထားမှာ ၂ယောက်ထိုင်ခုံမှ လက်မှတ်ကို ၁ ယောက်စာပဲရောင်းမှာပါ။ ထိုင်ခုံမဲ့တွေအတွက်လည်း ဇွန် ၁၆ ရက်ကစပြီးရောင်းချခွင့်မရှိတော့ပါဘူး။’’ ဟု၎င်းက ဖြည့်စွက်ပြောကြားသည်။

အမြန်ရထားများဖြစ်သော  ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမှတ် (၅)အဆန်၊ (၆)အစုန်ကိုလည်းကောင်း၊  မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ အမှတ်(၅၇)အဆန်၊ (၅၈)အစုန်ကိုလည်းကောင်း၊ အမှတ်(၄၁)အဆန်၊ (၄၂) အစုန်ကိုလည်းကောင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ် (၈၁)အဆန်၊ (၈၂)အစုန်ကိုလည်းကောင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းရှိ အမှတ်(၇၁)အဆန်၊ (၇၂)အစုန်ကိုလည်းကောင်း၊ ရန်ကုန်မြို့ပတ်လမ်း ပိုင်းရှိ မြို့ပတ်ရထားခရီးစဉ် ရထားအစင်း ၄၀ မှ ၅၂ စင်းသို့လည်းကောင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်   ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၌  လက်ရှိပြေးဆွဲနေ သော အမှတ်(၁၈၅)အဆန်၊  (၁၈၆)အစုန်ရထားအား ခရီးသည်စီးနင်းမှု အပေါ်မူတည်၍ လူစီးတွဲပိုမိုချိတ်ဆက်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ထား ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ခရီးသည်များအနေဖြင့် နှာခေါင်းစည်းမတပ်ဆင်ပါက ဘူတာရုံသို့ ဝင်ခွင့်ရမည်မဟုတ်ကြောင်း၊ နှာခေါင်းစည်း မပါရှိပါက နှာခေါင်းစည်းများပြင်ပပေါက်ဈေးအတိုင်း ဘူတာရုံရှိဈေးဆိုင်များတွင်ဝယ်ယူနိုင်ရန် စီစဉ်ပေးထားကြောင်း၊ ခရီးသည်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အားလိုက်နာကြရန် မလိုအပ်ဘဲ ခရီးမသွားကြရန် ၎င်းကဆိုသည်။  (Xinhua)