Connect with us

MYANMAR

COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံး ဇွန်လကုန်အထိ ထပ်မံတိုးမြှင့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား မတ်လအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် အစိုးရအနေဖြင့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသောကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေး လေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရန် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲ၊ ညွှန်ကြားချက်များကို မပျက်မကွက်လိုက်နာကြရမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

“ပြည်ပနိုင်ငံသားတွေကတော့ သူတို့ သက်ဆိုင်ရာကနေ လာချင်တယ်လို့ အကြောင်းကြားလာတယ် ဆိုရင် လုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုဆောင်ရွက်ပေးနေတာတွေ ရှိတယ်။ သူတို့ တစ်ခြား Flight နဲ့ပဲ ဖြစ်စေ ၊ မြန်မာနိုင်ငံက စီစဉ်တဲ့ Relief Flight နဲ့ပဲ ဖြစ်စေ အကုန်လုံးတော့ ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။။”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ပြည်ပ နိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲ ကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင် နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း ၊ ယခု ဇွန် ၁၆ ရက် နှင့် ၁၈ ရက်တို့တွင် ကိုရီးယား နှင့် စင်ကာပူ နိုင်ငံတို့မှ မြန်မာနိုင်ငံသားများ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည် ရောက်ရှိလာရန် ရှိကြောင်း ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ သိရသည်။ 

နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများ အပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များမှာ (က) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေးကန့်သတ်ချက်များနှင့်စပ်လျဉ်းသော ကြေညာချက်၊ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုး ကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့်စပ်လျဉ်းသော  ကြေညာချက် ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ်  ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်းသော ကြေညာချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်နှင့်လူမှုရေးဗီဇာ အပါအဝင် မည်သည့်ပြည်ဝင်ဗီဇာ အမျိုးအစားကိုမဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်းသော ကြေညာချက်တို့ ဖြစ်သည်။ (Xinhua)