Connect with us

MYANMAR

တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် ကျပ်သန်းပေါင်း ၆၇ ဘီလီယံ သုံးစွဲ လျက် ရှိ

ပုံစာ-စစ်ကိုင်းတိုင်းဒေသကြီးတွင် Cash for work စီမံကိန်းဆောင်ရွက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးရှိ မြို့နယ်ပေါင်း ၂၅၉ မြို့နယ် တွင် COVID-19 ကြောင့် ထိခိုက်ခံစားရသည့် စီးပွားရေးအားတုံ့ပြန်သည့် အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် ကျပ်သန်းပေါင်း ၆၇ ဘီလီယံ ကို သြဂုတ်လ မှ စတင်သုံးစွဲလျက် ရှိပြီး အဆိုပါရံပုံငွေ လည်ပတ်မှုအား စက်တင်ဘာလကုန်တွင် အပြီးသုံးစွဲမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခင်ဇော်က ဆင်ဟွာသို့ ယနေ့ သြဂုတ် ၁၃ ရက်တွင်ပြောသည်။

“ဒီရံပုံငွေ ကို စီမံကိန်း ၂ ခုမှာ အသုံးပြုမှာပါ။ ပထမ တစ်ခု က ကျေးရွာ မတည်ရေး ရံပုံငွေစီမံကိန်း၊ အဲဒီစီမံကိန်းအတွက် ကျေးရွာပေါင်း ၁,၇၁၀ မှာ ဆောင်ရွက်ဖို့ရည်ရွယ်ထားတယ်။ အဲဒီမှာ စုစုပေါင်း ၄၂ ဘီလီယံသုံးမယ်။  ဒုတိယတစ်ခုက ကျေးရွာပေါင်း ၂,၄၈၈ ရွာမှာ ဆောင်ရွက်နေတယ်။ ကျပ်သန်းပေါင်း ၂၅ ဘီလီယံ အကုန်အကျခံပြီးဆောင်ရွက်သွားမှာပါ’’ ဟု ၎င်းကရှင်းပြသည်။

ပထမစီမံကိန်း တစ်ခုသည် ကျေးရွာ မတည်ရေး ရံပုံငွေ စီမံကိန်းဖြစ်ပြီးယင်းစီမံကိန်း အတွက်  ကျေးရွာပေါင်း ၁,၇၁၀ ရွာတွင် ငွေထုတ်ချေးမည်ဖြစ်ကြောင်း ယနေ့သြဂုတ် ၁၃ ရက်အထိ   ကျေးရွာပေါင်း ၉၈၄ ရွာအတွက် ငွေထုတ်ချေးပြီးဖြစ်ကြောင်း၊ ကျန်သည့် ကျေးရွာပေါင်း ၇၂၆ ရွာ အားယခု သြဂုတ်လ အတွင်း အပြီးထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငွေချေးသည့် ပုံစံမှာ အိမ်ခြေ ၁၀၀ နှင့် အထက် ရွာများအား ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၁၀၀ နှင့် ၅၀ ကြား ရွာ များအားကျပ်သိန်း ၂၀၀၊ အိမ်ခြေ ၅၀ အောကရွာများအား  သိန်း ၁၀၀ ချေးပေးလျက်ရှိကြောင်း သိရသည်။

ဒုတိယစီမံကိန်း မှာ Cash for work စီမံကိန်းဖြစ်ကြောင်း၊ လက်လုပ်လက်စား ကျပန်းအလုပ်သမားများအတွက်လတ်တလော ရွာများတွင်  အလုပ်မရှိကြသည့်  အတွက် အခြေခံအဆောက်အဦ များ  လုပ်ခွင့်ပေးခြင်းဖြစ်ကြောင်း၊ ရွာ ၁ ရွာ လျှင် ကျသိန်း ၁၀၀ ထောက်ပံ့ကြောင်းသိရသည်။

“အဲဒီမှာ အလုပ်သမားခ ၆၀ ရာခိုင်နှုန်း ပေးတယ်။ လမ်းပြင်တာ၊ ရေမြောင်း လုပ်တာ၊ ရေကန်ပြင်တာ၊ ကျောင်းပြင်တာ တွေ ကို ဆောင်ရွက်လို့ရတယ်။ ကျေးရွာပေါင်း၂,၄၈၈ ရွာမှာ လက်ရှိအထိ စီမံကိန်းလုပ်ငန်းခွဲ ပေါင်း ၄,၀၆၀ ရှိတယ်။ လုပ်ငန်းပြီးစီးမှု က ၂၃ ရာခိုင်နှုန်း ရှိပါတယ်။ ဒီစီမံကိန်းကိုလည်း ကျွန်တော်တို့ ဌာန အနေနဲ့ စက်တင်ဘာလ မှာ အပြီးဆောင်ရွက်မှာပါ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

ရွာ တစ် ရွာ အား ပေးအပ်သည့် ကျပ်သိန်း ၁၀၀ တွင် ကျပ်သိန်း ၆၀ မှာ အလုပ်သမားလစာဖြစ်ကြောင်း တစ်ဦးလျှင် နေ့စားလုပ်ခ အနည်းဆုံး ကျပ် ၄,၈၀၀ မှ အများဆုံး ကျပ် ၆,၀၀၀ ကြား သတ်မှတ်ထားကြောင်း၊  ပျမ်းမျှနေ့စားလုပ်ခ ၅,၅၀၀ကျပ် ဖြင့် ရွာတစ်ရွာ တွင် နေ့စဉ် လူဦးရေ ၃၅ ယောက်နှင့် အယောက် ၅၀ အကြား ရက်ပေါင်း  ၂၁ ရက် မှ ရက် ၃၀ ထိ အလုပ် လုပ်ရက်ရှိမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် နေ့စားလုပ်သား  ၂ ဒသမ ၇ သန်း ခန့်ကို အလုပ်သမားခ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.