Connect with us

MYANMAR

 ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု ရက်ပေါင်း ၉၀ နီးပါး မတွေ့ရှိ

ရန်ကုန်မြို့၌ ဘတ်စ်ကားစီးသူများ နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

 ရန်ကုန် ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) 

 ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၁၇ ရက်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာ တွေ့ရှိခဲ့ပြီးနောက် ပြည်တွင်းကူးစက်မှုများ ထပ်မံမတွေ့ရှိသည်မှာ ရက်ပေါင်း ၉၀ နီးပါး ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

 “ပြည်တွင်းကူးစက်မှုကတော့ ရန်ကုန်မြို့ကို ရန်ကုန်တိုင်းအနေနဲ့ ကြည့်ရင်တော့ အစိုးရိမ်ရဆုံးတိုင်းပေါ့။  ၁၇ ရက် ၅  လ နောက်ပိုင်းကနေပြီးတော့ ဒီဘက်ကို ပြည်တွင်း ကူးစက်မှု မရှိတော့ဘူးဆိုတော့ ဒါ ရက် ၉၀ တောင် ပြည့်တော့မယ်ပေါ့နော်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ယခုအခါ COVID-19 ရောဂါ၏ လက်ရှိ ဖြစ်ပွားမှု အခြေအနေအရ ဩဂုတ် ၁၆ ရက်မှစ၍ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသော အမိန့်များတွင် ဖော်ပြထားသော ကိစ္စရပ်များမှအပ ၁၅ ဦး အစား လူ ၃၀ ဦး ဖြစ်စေ ၊ လူ ၃၀ ဦးထက် ပို၍ဖြစ်စေ စုဝေးခြင်း မပြုရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ 

 “လက်ရှိအခြေအနေကတော့ အခြေအနေကောင်းတယ်။အထူးသဖြင့် ပြည်တွင်းကူးစက်မှုက မရှိသလောက်နည်းတယ်။ ဒါပေမယ့် ပြည်ပက ပြန်ဝင်လာတဲ့သူတွေမှာ ဆက်တိုက်တွေ့တယ် ဆိုတော့ ပထမလှိုင်းရဲ့ အကျပိုင်းလို့ ပြောလို့ရတာပေါ့နော်။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ ယခုအခါ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၆၁ ဦး ရှိပြီး ၎င်းတို့အနက် ဩဂုတ် ၁၂ ရက်ထိ COVID-19 ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၃၁၈ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.