Connect with us

MYANMAR

နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်  အသိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်လေဆိပ်တွင် နှာခေါင်းစည်းတပ်ဆင်ထားသည့် ခရီးသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများအတွက် ကော်မရှင်က ခန့်အပ်ခွင့်ပြုခဲ့ပြီးသော နိုင်ငံခြားသားများနှင့် Myanmar Companies Online (MyCO) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများအတွက် Company Extract Form တွင်ပါရှိသည့် Officers, Members များနှင့် ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် Relief Flight ဖြင့် လိုက်ပါခွင့်နှင့် မြန်မာနိုင်ငံသို့ပြန်လည် ဝင်ရောက်ခွင့်အတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများသို့သာ ဆက်သွယ်ဆောင်ရွက်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယနေ့ သြဂုတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သက်ဆိုင်ရာသံရုံးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာနများက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ သဘောထားမေးမြန်းလာသည့်အခါ စိစစ်ပြန်ကြား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများနှင့် Myanmar Companies Online (MyCO) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှ Covid-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ပြည်ပတွင် ရောက်ရှိနေသော ၎င်းတို့၏ နိုင်ငံခြားသားဝန်ထမ်းများအား Relief Flight ဖြင့် လိုက်ပါခွင့်ပြုပါရန်နှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုပါရန် ကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့သို့ တင်ပြလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ 

ပြည်ပနိုင်ငံများမှ Relief Flight ဖြင့် လိုက်ပါခွင့်နှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်နှင့်စပ်လျဉ်း၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများသို့ ထောက်ခံချက်များ/ ခွင့်ပြုမိန့်များ တောင်းခံလာပါက မဖြစ်မနေ အရေးတကြီး လာရောက်ရန် အမှန်တကယ် လိုအပ်သူ ဟုတ်/မဟုတ် စိစစ်ပြီးမှသာ ထောက်ခံချက် ထုတ်ပေးပါရန်နှင့် အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ လိုအပ်သောစိစစ်မှုများ ဆောင်ရွက်စေ ရန်ညွှန်ကြားထားကြောင်းသိရသည်။

COVID-19 ရောဂါဖြစ်ပွားနေမှုကာလအတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ စီမံကိန်းလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာ လုပ်ငန်းများအတွက် ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားများ လာရောက်ရာတွင် ဆိုက်ရောက်ဗီဇာ ခွင့်ပြုခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)