Connect with us

MYANMAR

အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၆,၅၀၀ ကျော် တစ်လအတွင်း ဖွင့်လှစ်

ရန်ကုန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းတွင် နှာခေါင်းစည်းများ တပ်ဆင်ထားသော ကျောင်းသားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) 

 ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ရာ ဩဂုတ် ၂၁ ရက်ထိ တစ်လတာအတွင်း အခြေခံပညာ အထက်တန်းကျောင်း ပေါင်း ၆,၅၀၀ ကျော် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ယနေ့ပြောကြားခဲ့သည်။

” အခြေအနေကတော့ COVID-19 အခြေအနေပေါ် မူတည်ပါတယ်။ အခြေအနေကောင်းရင် ဖွင့်ဖို့လုပ်ပေးမယ်။ အခြေအနေမကောင်းရင် ဖွင့်လို့မရဘူး။ ဒါကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ COVID-19 ထိန်းချုပ်ရေးကော်မတီပေါ်မှာပဲ မူတည်တယ်။ အထက်တန်းကျောင်းက ဖွင့်ဖို့ ၆၀၀ နီးပါးလောက်ကျန်တယ်။ ဖွင့်ဖို့ရဖို့အတွက် စစ်ဆေးမှုတွေက လုပ်နေပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ထို့အတူ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ကူးစက်ပျံနှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း ဖွင့်လှစ်ခွင့်ပြုထားသည့် အခြေခံပညာ အထက်တန်းကျောင်းများအားလုံး ခေတ္တပိတ်ထား၍ ၎င်းပြည်နယ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိသော ကျောင်းများအားလုံး ကိုလည်း ယာယီရပ်ဆိုင်းထားပြီး ရခိုင်ပြည်နယ် ဒေသတွင်း COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသမှု အခြေအနေအရ ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင် ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 

“အထက်တန်းကျောင်းအားလုံးပေါင်း ၄၂၀ကျော်ရှိတယ်။ ၁၂၀ ကျော်လောက်ဖွင့်ပြီး အခု အကုန်လုံးက ပြန်ပိတ်ထားတယ်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ရခိုင်ပြည်နယ်အတွင်း ကျောင်းများ ပိတ်ထားမှု အခြေအနေအပေါ် ရှင်းလင်း ပြောကြားခဲ့သည်။ 

ယခုအခါ အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ဇူလိုင် ၂၁ ရက်မှစ၍ ဩဂုတ် ၂၁ ရက်ထိ အဆင်သင့်ဖြစ်သော (A အဆင့် ရရှိသည့် ကျောင်းပေါင်း ၆,၅၂၆ ကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ၊ ဆက်လက်၍ ဖြည့်ဆည်းရန် လိုအပ်ချက် ရှိသော ကျောင်းအားလုံးကို အမြန်ဆုံး ပြန်လည် ဖြည့်ဆည်းပြီး ဆန်းစစ်အကဲဖြတ်မှုများ ထပ်မံဆောင်ရွက်၍ အချက်အလက် ပြည့်စုံမှု ရှိပါက ဆက်လက် ဖွင့်လှစ်ရန် ခွင့်ပြုနိုင်ရေး စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ တားဆီးရေး နှင့် ကျန်းမာရေး နှင့် ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဒေသအာဏာပိုင်များ ၊ အခြေခံပညာဦးစီးဌာန ၊ မိဘ ၊ ဆရာ အသင်းများ နှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ဇူလိုင် ၁၇ ရက်မှ စ၍ ဩဂုတ် ၂၁ ရက်ထိ အခြေခံပညာ အထက်တန်းအဆင့်ကျောင်း စုစုပေါင်း ၇,၁၇၃ ကျောင်းအနက် ၇၁၂၉ ကျောင်းကို ဆန်းစစ်အကဲဖြတ်မှု ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်သော (A အဆင့်)ကျောင်း ၆,၅၇၃ ကျောင်း ၊ ပြန်လည်စိစစ်အတည်ပြုရန် လိုအပ်သည့် ကျောင်း ၅၃၀ ကျောင်း နှင့် အဆင်သင့်ဖြစ်ရန် လိုအပ်သည့်ကျောင်း ၂၆ ကျောင်း စိစစ်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ (Xinhua)