Connect with us

MYANMAR

စစ်တွေမြို့တွင်  Stay  at  Home ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု သုံးသောင်းနီးပါးကို အစိုးရထောက်ပံ့မည်ဟုဆို 

Stay at Home ကာလသတ်မှတ်ပြီးနောက် စစ်တွေမြို့အား တွေ့ရစဉ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် COVID-19 ရောဂါပိုးကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် Stay  at  Home အဖြစ် သတ်မှတ်ပြီး ယင်းကာလအတွင်း  ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု သုံးသောင်းနီးပါးကို အစိုးရမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

 ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများ၏ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်အတွက် ယနေ့ (ဩဂုတ်လ ၂၅ ရက်)မနက်ပိုင်းက စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံပြည်သူ အိမ်ထောင်စု (၂၉,၉၀၇)စုအတွက် တစ်အိမ်ထောင်စုလျှင်   ငွေကျပ်(၂၀,၀၀ဝ)နှုန်းဖြင့်  စုစုပေါင်း ငွေကျပ်(၅၉၈၁၄၀၀၀ဝ) (ကျပ်ငါးထောင်ကိုးရာရှစ်ဆယ်တစ်သိန်းလေးသောင်းတိတိ) အား ထောက်ပံ့နိုင်ရေး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

Stay  at  Home ကာလသတ်မှတ်ပြီးနောက် စစ်တွေမြို့အား တွေ့ရစဉ်(ဓာတ်ပုံ-MRTV)

“ကျောက်တော်ဘက် တိုက်ပွဲဖြစ်လို့ စစ်တွေကအမျိုးအိမ်လည်နေကာမှ ရောဂါပိုးရှိတဲ့လူက ကိုယ်နေတဲ့ရပ်ကွက်မှာတွေ့တော့ အိမ်ထဲကကို မထွက်ရတော့ဘူး၊ ဘယ်လောက်ကြာမလဲမသိသေးဘူး ဒီပိုးက ခုထိတော့ တောင်ခံနိုင်သေးတယ်” ဟု စစ်တွေမြို့တွင် နေထိုင်သူ အသက် ၃၈နှစ်အရွယ် ကိုစိုးမင်းလွင်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ယင်းမြို့ရှိ ပြည်သူများအား သြဂုတ် ၂၀ ည ၈နာရီမှစတင်ပြီး နေအိမ်တွင်နေထိုင်ရေး(stay at home) သတ်မှတ်ထားပြီး သြဂုတ် ၂၁ ရက်မှ စတင်ပြီး

နေ့စဉ် ည ၉နာရီမှ နောက်နေ့ နံနက် ၄နာရီအထိ ညမထွက်ရအမိန့် ၂လထုတ်ပြန်ထားသည်။

” ရခိုင်ပြည်နယ်ထဲက ကျောင်းတွေလည်းအကုန် ယာယီပိတ်ထားလိုက်ပြီ၊ ကားလိုင်းတွေရော မထွက်တော့ဘူး၊ ဈေးတွေကတော့ ဖွင့်ချိန်တွေ ပြောင်းထားတယ်၊ မြို့ကတော့ တိတ်ဆိတ်သွားတာပေါ့” ဟု ကိုစိုးမင်းလွင်က ဆိုသည်။ရခိုင်ပြည်နယ်အတွင်း ရက်ပိုင်းအတွင်း  COVID-19 ရောဂါ ကူးစက်သူ ၇၉ ဦးထိရှိပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်သူ ၄၇၄ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။  (Xinhua)