Connect with us

MYANMAR

မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် ဆောင်ရွက်

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ “နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ် (Stay at home)” တွင် အကြုံးဝင်သော မြို့နယ်များ နှင့် ရောဂါဖြစ်ပွားမှုများသောမြို့နယ်များတွင် မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာ ၁၈ ရက်)၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ မြို့နယ်များတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများသည် လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ “COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး မျက်နှာနှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)” ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်း လူထုလှုပ်ရှားမှုစီမံချက်တွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)၊ မျက်နှာအကာ (Face shield) မဖြစ်မနေ တပ်ဆင်ရေးအတွက် အသိပေးစည်းရုံးလှုံ့ဆော်ခြင်း၊ ပေးဝေခြင်း နှင့် တပ်ဆင်စေခြင်း၊လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးပြောကြားခြင်းနှင့်ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)