Connect with us

MYANMAR

မြန်မာနိုင်ငံရောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့  နှစ်ပတ်ကျော်ကြာ ကူညီပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွာ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီပူးပေါင်းဆောင်ရွက်မှုများ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပြုလုပ်ပြီးနောက် ယနေ့ မေ ၁၂ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့်တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် video conferencing စနစ်ဖြင့် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးပြီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းနင့်  တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ တို့ video conferencing စနစ်ဖြင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

ထို့သို့ တွေ့ဆုံမှုများ အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က မြန်မာနိုင်ငံ၌ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး ၎င်းတို့ အဖွဲ့သည် မြန်မာနိုင်ငံမှ ပညာရှင်များနှင့် အတူကပ်ရောဂါအား မည်သို့ အကောင်းဆုံး တိုက်ဖျက်နိုင်ရေးတို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ၊ တပ်မတော် ဆေးရုံများသို့ ရောက်ရှိခဲ့ပြီး ဆရာဝန် ၊ ပညာရှင်များဖြင့် တွေ့ဆုံကာ ရောဂါထိန်းချုပ်ရေး ၊ ဓာတ်ခွဲ စစ်ဆေးမှု ၊ ကုသမှုများအား ထဲထဲဝင်ဝင် လေ့လာပြီး အတူတကွ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ၊ COVID-19 ရောဂါ အတွက် စီမံခန့်ခွဲမှု လမ်းညွှန် စာအုပ်ကိုလည်း ထုတ်ပေးနိုင်ခဲ့ကြောင်း ၊ ၎င်းတို့ အဖွဲ့၏ တရုတ်နိုင်ငံမှ ရရှိခဲ့သည့် အတွေ့အကြုံများအား မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပညာရှင်များ ရရှိအောင် ပြောပြနိုင်ခဲ့ကြောင်း ၊ ယခုလို အနီးကပ် အတူတကွ ဆွေးနွေး လေ့လာပြီး COVID-19 ရောဂါ ကာကွယ် ၊ စစ်ဆေး ၊ ကုသမှုများအား ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ၊ ၎င်းတို့ အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ အထူးသဖြင့် တပ်မတော် ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များက သိပ္ပံနည်းကျ နည်းပညာဖြင့် COVID-19 ရောဂါကို တိုက်ဖျက် ၊ ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်စဉ်(ဆင်ဟွာ)

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက မြန်မာ-တရုတ် နှစ်နိုင်ငံသည် ရှေးယခင်ကတည်းက ခေါင်းဆောင်များ ၊ ပြည်သူများ အချင်းချင်းသည် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှစ်ပေါင်းများစွာ ရှိခဲ့ကြောင်း ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့၏ ဆောင်ရွက်ချက်များသည် မိမိတို့အတွက် များစွာ အဖိုးတန်ကြောင်း နှင့် ကျေးဇူးတင်ကြောင်း  တွေ့ဆုံမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စစ်သံမှူး ရှုန်းဆောင်ဝေ(Xiong Shaowei)က တရုတ်တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ မြန်မာနိုင်ငံ၌ လာရောက် ကူညီပေးနေရသည့် အချိန်အတွင်း မြန်မာ့ တပ်မတော်ဘက်က အကြီးအကဲများ ၊ ဆရာဝန်များ ၊ တပ်မတော်ဆေးရုံမှ ဆရာဝန်များ အားလုံး၏ နွေးထွေးသော ကြိုဆိုမှုနှင့် ကူညီပေးမှုကို ကောင်းစွာခံစားခဲ့ရကြောင်း ၊ ယင်းမှာ နှစ်နိုင်ငံ၏ ကပ်ရောဂါကို အတူတကွ တိုက်ဖျက်မည် ဆိုသည့် စိတ်ဓာတ်ကို ပို၍ ခိုင်ခိုင်မာမာ ပြသနိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် ယနေ့ မေ ၁၂ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ နှင့် အမှတ် ၁ တပ်မတော်ဆေးရုံ တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်နေချိန်အတွင်း မြန်မာ့ တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်များ နှင့် အတူ COVID-19 ရောဂါ ဓာတ်ခွဲမှု ၊ ကုသရေး လက်စွဲစာအုပ် ရေးဆွဲမှု ၊ ကုသရေး လုပ်ငန်းဘက်တွင် နှစ်ဦးနှစ်ဘက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၊ ပညာရှင် အဖွဲ့၏ ကြိုးပမ်းမှုကို များစွာ ချီးကျူးပါကြောင်း ၊ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့က မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းကို ကူညီပေးမှုသည် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ကျန်းမာရေးဘက်တွင် ပူးပေါင်းဆောင်ရွက်ရေးကို ပို၍ မြှင့်တင်လာသည်ကို ပေါ်လွင်စေကြောင်း ၊ နှစ်နိုင်ငံ ပြည်သူများအကြား ရှိရင်းစွဲ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပေါ်လွင်နိုင်ပါကြောင်း ၊ နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး စိတ်ဓာတ်ကို ပေါ်လွင်နိုင်ကြောင်း ၊ မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးအား တရုတ်ဘက်က ဆက်လက် ကူညီပေးမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိသည့် အချိန်အတွင်း အဓိကအားဖြင့် မြန်မာနိုင်ငံ၌ အသုံးပြုနိုင်ရေး အတွက် ရောဂါပိုး ရှာဖွေသည့် စမ်းသပ်ခန်း တည်ဆောက်ပေးခဲ့ကြောင်း ၊ ယင်းအား အသုံးပြုမှု နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံက တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင်များအား အတွေ့အကြုံများ ဖလှယ်ပေးခဲ့ကြောင်း ၊ စမ်းသပ်ခန်း အသုံးပြုပြီး ရှာဖွေခြင်းများက များစွာ တန်ဖိုးရှိသည့် ကိစ္စရပ် တစ်ခုဟု မြင်ကြောင်း ၊ ရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို မြန်မာ့တပ်မတော် ဆေးဘက်ပညာရှင်များက ရှေ့ဆက်၍ COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး ကိစ္စရပ်များတွင် များစွာ အသုံးဝင် ဆောင်ရွက်သွားနိုင်မည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ COVID-19 ရောဂါ တိုက်ဖျက်ရေး ကူညီပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် ဧပြီ ၂၄ ရက်တွင် ဒုတိယ အသုတ် အဖြစ် ရောက်ရှိလာခဲ့သည်။ ဧပြီ ၈ ရက်ကလည်း တရုတ်နိုင်ငံမှ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် ပထမ အသုတ်အဖြစ် ရောက်ရှိခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ် အကြာ ၎င်းတို့ဆောင်ရွက်ခဲ့သော အတွေ့အကြုံများအား မြန်မာနိုင်ငံမှ ကျန်းမာရေး တာဝန်ရှိသူများနှင့် ဖလှယ်ခဲ့ကာ COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)