Connect with us

MYANMAR

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံအစိုးရက ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံ လှူဒါန်းပေးအပ်

တရုတ်နိုင်ငံ အစိုးရက လှူဒါန်းသော ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများအား သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်း ပေးအပ်လှူဒါန်းစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံအစိုးရက ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ဖြစ်သည့် Nucleic Acid စမ်းသပ်ကိရိယာများ ၊ တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ(PPE) များအား မြန်မာနိုင်ငံ အစိုးရထံသို့ ထပ်မံပေးအပ်လှူခဲ့ရာ အဆိုပါ ထောက်ပံ့ပစ္စည်းများကို ယနေ့ မေ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ လွှဲပြောင်းပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

 ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက “အခု ဒီလိုမျိုး အနေအထား တစ်ရပ်မှာ ပိုပြီးတော့ စစ်ဖို့ဆိုတာ အရေးကြီးလာတယ်။ ပိုစစ်ဖို့ ဆိုတာက ဆရာတို့ နိုင်ငံမှာ Test Kit ကို မထုတ်နိုင်ဘူး ။ Test Kit ကို နိုင်ငံတကာ အကူအညီတွေ ပေးနေကြတယ်။ ဒီလိုမျိုး တရုတ်နိုင်ငံက Test Kit တွေ အများကြီး အလှူပေးတဲ့အခါကြတော့ ဒီTest Kit တွေ အသုံးချပြီးတော့ ဒီထက်ပိုပြီး စစ်နိုင်မယ်ဆိုရင် ဆရာတို့ဆီမှာ ဘယ်လောက်ထိကို များပြားနေလဲဆိုတာ အတိုင်းအတာ တစ်ခုထိ မှန်းဆလို့ ရနိုင်တာပေါ့။

လှူဒါန်းပွဲ အခမ်းအနားတွင် စုပေါင်းမှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ) 

ဒါကြောင့် ဒီပေးတဲ့အလှူသည် ဆရာတို့ နိုင်ငံရဲ့ COVID-19 ရောဂါ တိုက်ဖျက်ရေး ကဏ္ဍမှာတော့ အလွန်အရေးကြီးတဲ့ ကဏ္ဍ တစ်ခုကို ဝိုင်းဝန်းပြီးတော့ ကူညီဖြည့်ဆည်းပေးလိုက်တယ်လို့ပဲ ပြောချင်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ အစိုးရက ယခု လှူဒါန်းသောဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများတွင် Nucleic Acid စမ်းသပ်ကိရိယာ ၁၅၀,၀၀၀ နှင့် တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ(PPE) ၁၈,၀၀၀ တို့ ပါဝင်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်း ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ရှင်းလင်းဖြေကြားနေစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ အစိုးရက လှူဒါန်းသော ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ အစိုးရ အနေဖြင့် မေ ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ Nucleic Acid စမ်းသပ်ကိရိယာ ၁၆၂,၀၁၆ ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း အခုရေ ၃,၉၅၀,၀၀၀ ၊ N95&KN95 နှာခေါင်းစည်း အခုရေ ၅၅,၀၀၀ ၊ တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ(PPE) အစုံ ၄၈,၆၀၀ ၊ အသက်ရှူစက် အစုံ ၃၀ နှင့် အခြား ထောက်ပံ့မှု အများအပြား လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ( Xinhua)