Connect with us

MYANMAR

ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ စစ်တွေမြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိ

စစ်တွေလေဆိပ်သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြသည့် ဆရာဝန် နှင့် သူနာပြုများအား တွေ့ရစဉ်(ဓာတ်ပုံ - MOHS)

 

ရန်ကုန် ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) 

ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြု စုစုပေါင်း ၂၄ ဦးသည် ယနေ့ ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း နှင့် အဆိုပါ ဆရာဝန်နှင့် သူနာပြုများသည် တစ်လကြာ သွားရောက်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

“သူတို့က တစ်လကြာ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။တစ်လမှာ သူတို့က လိုအပ်လို့ ဆက်လက်ပြီးတော့ Propose လုပ်ရင်လည်း ကျွန်တော်တို့က ဆက်စဉ်းစားမှာပါ။နောက်လည်း စာရင်းပေးထားတဲ့သူတွေ ရှိပါသေးတယ်။ အဖွဲ့တွေ ဖွဲ့ထားတာလည်း ရှိပါသေးတယ်။”ဟု ၎င်းက ရှင်းပြသည်။

“မိမိဆန္ဒအလေျာက်” ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမည့် ဆရာဝန် နှင့် သူနာပြုများထဲတွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး (၁) ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊ လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊ လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊ လက်ထောက်ဆရာဝန် (၁၃) ဦး၊ သူနာပြုဆရာအုပ်ကြီး (၁) ဦး၊ အထက်တန်းသူနာပြု (၁) ဦးနှင့် သူနာပြု (၁) ဦး  တို့ ပါဝင်ကြောင်း သိရသည်။ 

အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်၌ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုသည် မြန်ဆန်လျက်ရှိပြီး ဩဂုတ် ၁၆ ရက်မှ ၂၁ ရက်အထိ ၅ ရက်တာ အတွင်း ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ရာ (၄၄) ဦးမှာ စစ်တွေမြို့မှ ဖြစ်ကြောင်း သိရသည်။ 

“စစ်တွေ အခြေအနေကတော့ ကြိုးစားပြီးတော့ ထိန်းချုပ်ရတဲ့ အခြေအနေ ဖြစ်တယ်။ ဒီနေရာမှာ အဓိကတော့ ပြည်သူတွေရဲ့ တစ်ဦးချင်း လိုက်နာမှုပေါ့နော်။မိမိနေအိမ်မှာ နေထိုင်မှု ၊ အပြင်ကို မဖြစ်မနေမှသာ ထွက်ဖို့ ၊ ထွက်ရင်လည်း အကာအကွယ် အပြည့်အဝယူ ၊ အိမ်ပြန်ရောက်ရင်လည်း သန့်စင်ဆေးကြောမှုပေါ့။ဒါတွေအားလုံးကို မဖြစ်မနေ လိုက်နာဖို့ လိုပါတယ်။ အဓိကတော့ စစ်တွေမြို့အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အဓိကပါပဲ။ အားလုံးက ပူးပေါင်းပါဝင်ရင် ပါဝင်သလို ရောဂါကို ထိရောက်စွာနဲ့ အမြန်ဆုံး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ထည့်သွင်း ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ဆေးရုံကြီး၌ လူနာထားရှိရန်နေရာများ တိုးချဲ့ခြင်းကို လုပ်ဆောင်နေပြီး လိုအပ်ပါက ယာယီဆေးရုံများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဩဂုတ် ၂၂ ရက်က နေပြည်တော်၌ ပြုလုပ်သော အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)