Connect with us

MYANMAR

ရခိုင်ပြည်နယ်၌ စေတနာ့ ဝန်ထမ်းလူငယ်များ အလှည့်ကျ တစ်လခန့်ကြာ လုပ်အားပေး တာဝန် ထမ်းဆောင်ရန် စီစဉ်လျက်ရှိ

စစ်တွေလေဆိပ်သို့ ဩဂုတ် ၂၃ ရက်တွင် ရောက်ရှိခဲ့ကြသည့် ဆရာဝန် နှင့် သူနာပြုများအား တွေ့ရစဉ်(ဓာတ်ပုံ - MOHS)

ရန်ကုန် ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် စေတနာ့ ဝန်ထမ်းလူငယ်များ အလှည့်ကျ တစ်လခန့်ကြာ လုပ်အားပေး တာဝန် ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး အစိုးရ၏ လုပ်ငန်းစဉ်များတွင် လူငယ်များက မည့်သည့်ဒေသတွင် နေထိုင်စေကာမှု တစ်ခုတည်း သော ပြည်ထောင်စုစိတ်ဖြင့် ပါဝင်ကူညီကြရန် လိုအပ်ကြောင်း ၊ COVID-19 ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိမိတို့ဒေသ အလိုက်ပါဝင်ခဲ့ကြသော စေတနာ့ဝန်ထမ်း လူငယ်များအနေဖြင့် မိမိတို့၏ဆန္ဒအလျောက် ပါဝင်ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ – ၂၀၂၄) အတည်ပြုခြင်းနှင့် စပ်လျဉ်း၍ လူငယ်ရေးရာ ကော်မတီဝင် လူငယ်များအား အသိပေး ရှင်းလင်းဆွေးနွေးခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ဩဂုတ် ၂၄ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာတွင် ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်တွေမြို့၌ ယခင်အပတ်ကစပြီး COVID-19 ရောဂါ ပြန့်ပွားမှုသည် အင်မတန်မြန်ခဲ့ကြောင်း ၊  အင်မတန်မှ မြန်သည့်အခါတွင် စိုးရိမ်ပူပန်မှုများလည်း တက်လာပါကြောင်း ၊ ယင်းကို စိန်ခေါ်မှုတစ်ခုအနေဖြင့် ကြည့်စေချင်ကြောင်း ၊ စိန်ခေါ်မှုဆိုသည်မှာ  ကြောက်စရာမဟုတ်ကြောင်း ၊  ကျော်လွှားရန်သာ ဖြစ်ကြောင်း ၊ ယင်းစိန်ခေါ်မှုကို နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်မှု တစ်ခုအနေဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ဩဂုတ် ၂၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြု  ၂၄ ဦးသည် ဩဂုတ် ၂၃ ရက်တွင် အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။ (Xinhua)