Connect with us

MYANMAR

တစ်နိုင်ငံလုံး COVID-19 ဒုတိယလှိုင်းမဖြစ်အောင် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဟန့်တားနိုင်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံးတွင် COVID-19 ကိုဗစ်ဒုတိယလှိုင်းမဖြစ်အောင် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဟန့်တားနိုင်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ ယနေ့ညပိုင်း၌ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

“ဒါကို တစ်ချို့က ကိုဗစ်ဒုတိယလှိုင်းလားလို့ မေးပါတယ်။ ဒါကိုဗစ် ဒုတိယလှိုင်းမဟုတ်ပါဘူး။ စစ်တွေမှာ ကိုဗစ်ပြန့်ပွားမှုဖြစ်နေပါတယ်။ တစ်နိုင်ငံလုံးမှာ ကိုဗစ်ဒုတိယလှိုင်းမဖြစ်အောင် ကျွန်မတို့အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီဟာကို ဟန့်တားနိုင်ပါတယ်။ ကာကွယ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတစ်ဝန်းလုံးကို ကာကွယ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်ကိုလည်း ကျွန်မတို့ကာကွယ်မယ်။ ကျန်တဲ့ ကျွန်မတို့ရဲ့ နိုင်ငံအတွင်းရှိ ဒေသတွေအားလုံးလည်း ကာကွယ်မယ်။ ပူးပေါင်းဆောင်ရွက်မှုကသာ အဓိကဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စစ်တွေမြို့၌ ရောဂါပြန့်ပွားနေသည့်ကိစ္စကို စိုးရိမ်မှုဖြင့် မတုံ့ပြန်ဘဲ သန္နိဋ္ဌာန်ခိုင်မာမှုဖြင့် တုံ့ပြန်ရန် ၊ ယင်းပြဿနာကို ကျော်လွှားမည်ဆိုသည့် သန္နိဋ္ဌာန် ခိုင်မာရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တွေ့ရှိချက်အရဆိုရင် စစ်တွေမြို့မှာ ရောဂါပိုးပြန့်ပွားတဲ့ အဓိကနေရာဟာ ဈေးကလို့သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုရောဂါ စွဲကပ်နေပြီလို့ တွေ့ရှိရတဲ့ ပြည်သူတွေရဲ့ အသိုင်းအဝိုင်း၊ အနေအထားကို ကြည့်လိုက်တဲ့အခါမှာ ဒီဈေးကနေ ရောဂါကူးစက်မှုဟာ အများဆုံးလို့ သုံးသပ်ပါတယ်။ ဒါကြောင့် ဈေးသွားတဲ့ ကျွန်မတို့ ပြည်သူပြည်သားများ သတိထားကြပါ။”ဟု ၎င်းက ဆိုသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က”ရန်ကုန်က အထူးသတိထားစေချင်ပါတယ်။ ဩဂုတ် ၁၆ ရက်ကစပြီး ဒီရောဂါပိုး ပြန့်ပွားတယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တွေဘက်ကနေ ရန်ကုန်ကို လေယာဉ်ခရီးနဲ့လာတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ကြားရပါတယ်။ အဲဒီလိုရှိခဲ့ရင် အနီးဆုံး ကျန်းမာရေးဌာနကို ဆက်သွယ်ပါ။ ဆက်သွယ်ပြီးတော့ ရောက်ခဲ့ပါတယ်၊ သွားခဲ့ပါတယ်ဆိုပြီး အစစ်အဆေးခံပါ။ လိုအပ်ရင် ကုသမှုကို အမြန်ဆုံးရနိုင်မှာဖြစ်ပါတယ်။ပတ်ဝန်းကျင်က ပြည်သူတွေကလည်း ဟိုဘက်အိမ်၊ ဒီဘက်အိမ်၊ အခြားလမ်းထဲ မှာနေတဲ့ ပြည်သူပြည်သားတွေ၊ အသိမိတ်ဆွေထဲက ဒီလို ပြန်လာတာရှိရင် အသိပေးပါ။”ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။ 

စစ်တွေမြို့၌ ယခင်အပတ်ကစပြီး COVID-19 ရောဂါ ပြန့်ပွားမှုသည် အင်မတန်မှမြန်ခဲ့ကြောင်း ၊  အင်မတန်မှ မြန်သည့်အခါတွင် စိုးရိမ်ပူပန်မှုများလည်း တက်လာပါကြောင်း ၊ ယင်းကို စိန်ခေါ်မှုတစ်ခုအနေဖြင့် ကြည့်စေချင်ကြောင်း ၊ စိန်ခေါ်မှုဆိုသည်မှာ  ကြောက်စရာမဟုတ်ကြောင်း ၊  ကျော်လွှားရန်သာ ဖြစ်ကြောင်း ၊ ယင်းစိန်ခေါ်မှုကို နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်မှု တစ်ခုအနေဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ယခုအခါတွင် မြန်မာနိုင်ငံ၌ ဩဂုတ် ၂၄ ရက် ညပိုင်းထုတ်ပြန်မှုအရ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၄၇၄ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)