Connect with us

MYANMAR

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အများပြည်သူကျန်းမာရေး ကြိုတင်ကာကွယ်မှုများ တိုးမြှင့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပိုးသတ်ဆေးများနှင့် အသေးစိတ်သန့်ရှင်းရေး ဆောင်ရွက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ - YACL)

ရန်ကုန် ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း COVID-19 ကြိုတင်ကာကွယ်မှုများအနေဖြင့် ဇန်နဝါရီလမှ စ၍ ပိုးသတ်ဆေးဖြန်းခြင်း နှင့် အသေးစိတ်သန့်ရှင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီး ပိုးသတ်ခြင်းနှင့် အပူချိန် တိုင်းတာခြင်း လုပ်ငန်းစဉ်များနှင့်အတူ ကျန်းမာရေးအသိပညာပေးအစီအစဉ်များကို လုပ်ဆောင်ခဲ့ရာ ယခုအခါ ယင်းလုပ်ငန်းစဉ်များကို ဆက်လက်တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL) ၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် COVID-19 ရောဂါအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ စက်မှုဂိတ် (လေယာဉ်များ ရပ်နားရာနေရာသို့ ဝင်ထွက်ဂိတ်) မှ ဝင်/ထွက်သော လေကြောင်းလိုင်းဝန်ထမ်းများနှင့် ground handler များအတွက် ကိုယ်အပူချိန်တိုင်းတာစက် များ ထားရှိစစ်ဆေးရန် ၊ ပြည်တွင်းလေဆိပ်အဆောက်အအုံ (Terminal 3) တွင် ကိုယ်အပူချိန်တိုင်းတာစက်များ ထားရှိ၍ ခရီးသည်များအားလုံးနှင့် လေဆိပ်ဝန်ထမ်းများအားလုံးကို စစ်ဆေးရန်တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အတူ ပြည်ပလေဆိပ်အဆောက်အအုံ (Terminal 1) တွင် ဂိတ်အမှတ် (၂)၊ (၇) နှင့် Sky Link တို့အား ပိတ်ထားမည်ဖြစ်ပြီး ဂိတ်အမှတ် (၃) နှင့် (၄) တို့မှ ဝင်ရန်နှင့် ဂိတ်အမှတ် (၂)၊ (၆) နှင့် (၈) တို့မှ ထွက်ရန် ၊ ပြည်တွင်းလေဆိပ်အဆောက်အအုံ (Terminal 3) တွင် ဂိတ်အမှတ် (၂) အား ပိတ်ထားမည်ဖြစ်ပြီး ဂိတ် အမှတ် (၁) နှင့် (၄) တို့မှ ဝင်ရန်နှင့် ဂိတ်အမှတ် (၁) ၊ (၃) နှင့် (၄) တို့မှ ထွက်ရန်တို့ ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် လေဆိပ်အဆောက်အအုံ ဝင်ထွက်နေရာအားလုံးနှင့် လေဆိပ်ဧရိယာအတွင်းသို့ အခြားဝင်ပေါက်များမှ ဝင်ရောက်မည့်သူအားလုံးအား ခြွင်းချက်မရှိ အပူချိန်တိုင်းတာစစ်ဆေးခြင်းအား ဆောင်ရွက်ရန် ၊ လေဆိပ်၊ လေကြောင်းလိုင်း၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် စစ်ဆေးသည့် နေရာ/ အလုပ်တာဝန်ထမ်းဆောင်သည့် နေရာများတွင် အစားအသောက်များ ယူဆောင်စားသောက်ခြင်းအား တားမြစ်ရန် ၊ လေဆိပ်၊ လေကြောင်းလိုင်း၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် ခရီးသည်များအနေဖြင့် လေဆိပ်ဧရိယာအတွင်း ကွမ်းစားခြင်း၊ ကွမ်းသွေးထွေးခြင်းများ မပြုလုပ်စေရန်တို့ ဖြစ်ကြောင်း သိရသည်။

လေဆိပ်၌ COVID-19 ရောဂါအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ယင်းလုပ်ငန်းများ ဖြည့်တင်းဆောင်ရွက်ရန် YACL ၏ အဆိုတင်သွင်းလွှာကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနက ခွင့်ပြုချက်ချမှတ်ပေးခဲ့ကြောင်း သိရသည်။ 

ယင်းဆောင်ရွက်မှုများသည် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကန့်သတ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

ထိုကဲ့သို့ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ အပြင် အများပြည်သူနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူများအား နိုးနိုးကြားကြား သတိရှိစေရန် နှင့် လေဆိပ်တွင် လူစုလူဝေး မပြုလုပ်ကြရန် YACL က တိုက်တွန်းထားကြောင်း သိရသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၇ လိုင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၈ ခုအား ချိတ်ဆက်ဝန်ဆောင်မှု ပေးလျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း ခရီးသည် စုစုပေါင်း ၆ ဒသမ ၅ သန်းကို လက်ခံဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။(Xinhua)