Connect with us

MYANMAR

၆ လကျော်အတွင်း နယ်စပ်ဂိတ်များမှ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူ ၁၄၅,၅၆၉ ဦး ပြန်လည် ဝင်ရောက်

မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သားများအား ဩဂုတ်လအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအနက် အခက်အခဲရှိ၍ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာသူများအနက် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူဦးရေသည် ၆ လကျော်အတွင်း ၁၄၅,၅၆၉ ဦး ရှိကြောင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အဆိုပါ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသူ ၁၄၅,၅၆၉ ဦးသည် ဧပြီ ၁၆ ရက်မှ  အောက်တိုဘာ ၂၀ ရက် အထိ ထိုင်းနိုင်ငံနယ်စပ်ဂိတ် (၈) ဂိတ် ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်စပ်ဂိတ် (၅)ဂိတ် ၊ လာအိုနိုင်ငံ နယ်စပ်ဂိတ် (၁)ဂိတ်တို့မှ ပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

ထို့အတူ လေကြောင်း လိုင်းများမှ ဝင်ရောက်လာသူသည် ဖေဖော်ဝါရီ ၂ ရက် မှ အောက်တိုဘာ ၂၀ ရက်အထိ မြန်မာနိုင်ငံသား ၂၂,၆၀၄ ဦးနှင့် နိုင်ငံခြားသား ၄,၃၄၁ ဦး၊ စုစုပေါင်း ၂၆,၉၄၅ ဦး ရှိကြောင်းလည်း သိရသည်။

COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဆိုပါ “နယ်စပ်ဂိတ်များ”နှင့် “လေကြောင်းလိုင်းများ” မှ ပြန်လည်ဝင်ရောက်လာသော နိုင်ငံသား များအား ၎င်းတို့၏နေရပ်များသို့ စနစ်တကျ ပို့ဆောင်နိုင်ရေးအတွက် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆက်ဆံရေးအရာရှိများ စေလွှတ်ထားရှိပြီး စာရင်း ကောက်ယူခြင်း၊ လိုအပ်သည့် မော်တော်ယာဉ်များ၊ ရထားများ စီစဉ်ပေးခြင်း၊ သက်ဆိုင်ရာမြို့ နယ်များသို့ ရောက်ရှိပါက Quarantine ဝင်ရောက်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေး ခြင်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ပြုလုပ်ခဲ့သော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအနက်မှ ခရီးဝေးကွာ၍ သွားလာရန်ခက်ခဲသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ အလုပ်သမားများကိုလည်း သက်ဆိုင်ရာ နယ်စပ်မြို့ရှိ Community Based Facility Quarantine များတွင် သတ်မှတ်ရက်အတိုင်း စနစ်တကျထားရှိ၍ Swab နမူနာရယူစစ်ဆေး ပေးပြီး ရောဂါပိုးမတွေ့ရှိသူများကို သက်ဆိုင်ရာ ဒေသများသို့ စနစ်တကျ ပြန်လည်စေလွှတ်ပေးလျက် ရှိကြောင်း၊ ထို့အပြင် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight အပါအဝင် လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကိုလည်း Hotel Quarantine နှင့် Home Quarantine ဝင်ရောက် စေရေးတို့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)