Connect with us

MYANMAR

မြန်မာနိုင်ငံ၌ နေ့စဉ် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှုန်း လျော့ကျလာ

ကျန်းမာရေး ဝန်ထမ်းတစ်ဦးက COVID-19 ရောဂါပိုး ရှိ/မရှိ Swab ရယူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ နေ့စဉ် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှုန်းမှာ လျော့ကျလာကြောင်း နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်ရေး အဖွဲ့ဝင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှုန်းသည် အောက်တိုဘာ ၂၀ ရက်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး အောက်တိုဘာ ၂၁ ရက်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှုန်းသည် ပြီးခဲ့သောလတွင် ၁၉ ရာခိုင်နှုန်း နှင့် ၂၁ ရာခိုင်နှုန်းကြားတွင် ရှိနေပြီး ယခုအောက်တိုဘာလမှ စ၍ ၇ ရာခိုင်နှုန်း နှင့် ၈ ရာခိုင်နှုန်းကြားတွင် ရှိနေကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ဖွဲ့စည်းထားသော နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်ရေး အဖွဲ့ဝင် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“ဒီ positive rate က ၅ ရာခိုင်နှုန်းထက် များနေရင် လူထုထဲမှာ ကူးစက်မှု မြင့်နေသေးတယ်ဆိုတာကို ပြတယ် ။ community transmission ခေါ်တာပေါ့။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက “ပြည်သူ့ကျန်းမာရေးလုပ်ငန်းကြတော့ လူထုကူးစက်မှုကို လျော့အောင်လုပ်နေတာ။ non-pharmaceutical intervention လို့ ခေါ်တယ်။ ဆေးဝါးမပါသော ကာကွယ်စောင့်ရှောက်ခြင်းပေါ့၊ universal masking ပေါ့ mask လူတိုင်းတပ်ရတာတို့ ၊ လက်ဆေးတာတို့ ၊ နှာချေချောင်းဆိုးရင် လက်ကိုင်ပုဝါတို့ ၊ တစ်ခုခုနဲ့ တစ်ရှူးလို အုပ်ပြီး ချောင်းဆိုးတာတို့ ၊ တစ်ဦးနဲ့တစ်ဦး ၆ပေအကွာနေတာတို့ social distancing တို့၊ နောက် stay at home အိမ်မှာပဲနေတာတို့ ၊ အဲဒီလိုဟာကို non-pharmaceutical intervention လို့ ခေါ်တယ်။ အဲဒီလို ဘာကြောင့်လုပ်ရသလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကူးစက်မှုကို ဖြတ်တောက်တာ။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှုန်းသည် ၅ ရာခိုင်နှုန်းအောက် နည်းသွားပြီ ဆိုပါက လူထုထဲတွင် ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ပြည်သူများလည်း ဆေးဝါးမပါသော ကာကွယ်စောင့်ရှောက်ခြင်း(non-pharmaceutical intervention)များကို လိုက်နာမှု အားကောင်းသည် ဆိုသော အဓိပ္ပာယ်ပေါ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ယခုအခါတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှုန်းသည် ၅ ရာခိုင်နှုန်းကျော် ဖြစ်နေသေးသည့်အတွက် လူထုကြားတွင် ကူးစက်မှု မြင့်နေသေးသည်ဟု ပြော၍ရကြောင်း ၊ သို့သော် ယခင်ကနှင့်နှိုင်းယှဥ်ပါက ကူးစက်မှုကို ထိန်းချုပ်နိုင်သည့် အနေအထား ရှိလာကြောင်း ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားခဲ့သည်။

“ဒါပေမဲ့ အရင်ထက်စာရင် ပိုမိုထိန်းချုပ်လာနိုင်တယ်။ ဒီ ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှုန်း(positive rate)က ၅ ရာခိုင်နှုန်းထက်နည်းတာ ၂ပတ်ရှိတယ် ဆိုရင် လူထုတွင်းကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် ဖြေလျှော့မှုတွေကို ကျွန်တော်တို့လုပ်လို့ရတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်သည် ဩဂုတ် ၁၆ ရက်မှ စတင်၍ COVID-19 ဒုတိယလှိုင်း ပြန်လည်မြင့်တက်လာခဲ့သည်။ လူဦးရေ များပြားသော ရန်ကုန်တိုင်းဒေသကြီးသည် COVID-19 ဒုတိယလှိုင်း၏ အစောပိုင်းကာလများတွင် ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု ၊ ခရီးသွား ရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများ နှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများ တွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာခဲ့ကြောင်း သိရသည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုများအရ နိုင်ငံတွင်း COVID-19 ရောဂါပိုး ရှိသူများအနက် သေဆုံးမှုနှုန်းသည် အောက်တိုဘာ ၂၁ ရက်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး အောက်တိုဘာ ၂၀ ရက်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာကို မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၂၁ ရက်အထိ COVID-19 ဓာတ်ခွဲနမူနာ ၅၅၂,၄၄၈ ခုအား စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခုအခါ၌ နိုင်ငံအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၃၉,၆၉၆ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၈,၈၆၅ ဦး နှင့် သေဆုံးလူနာ ၉၇၂ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)