Connect with us

MYANMAR

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေ ၄၀ ရာခိုင်နှုန်းခန့် C0VID-19 ကာကွယ်ဆေး လွှမ်းခြုံနိုင်အောင် လုပ်ဆောင်သွားမည်ဟု ဆို

ကျန်းမာရေး ဝန်ထမ်း တစ်ဦးက COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးရန် Swab နမူနာ ရယူနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်ကို COVID-19 ကာကွယ်ဆေး လွှမ်းခြုံနိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group – NITAG) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အစီအစဉ်က ဘာလဲဆိုရင် ပထမဦးဆုံး နိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းကို COVAX Facility က ရမယ့် ၂၀ ရာခိုင်နှုန်းရယ် ၊ ကိုယ့်ဟာကိုယ် ၂၀ ရာခိုင်နှုန်း ဝယ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ် ။ပထမ အစီအစဉ်မှာပေါ့ ။ ဒါက ၂၀၂၁ ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို လွှမ်းခြုံနိုင်အောင် လုပ်မယ် ။ အခုက Private Sector ကိုလည်း ဝယ်ယူသိုလှောင်ပြီးတော့ ထိုးနှံခွင့် ပေးဖို့အတွက် စီစဉ်နေတယ် ။ အဲဒီတော့ Private Sector ကလည်း ပိုဝယ်နိုင်တယ် ဆိုရင်လည်း ၂၀၂၁ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်း လျာထားပေမယ့်လည်း ၆၀ ရာခိုင်နှုန်းလည်း ဖြစ်သွားနိုင်တာပေါ့ ။ ဒါကတော့ Flexible ပေါ့ ။”ဟု ၎င်းက ဆိုသည်။

 

COVID-19 ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာ (application) ကို Gavi, The Vaccine Alliance ထံသို့ ဒီဇင်ဘာ ၇ ရက်တွင် တင်ပြထားပြီး ဖြစ်ကြောင်း နှင့် ကာကွယ်ဆေး ရရန် သေချာနေပြီ ဖြစ်ကြောင်း ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့က တခြားနိုင်ငံတွေ ကာကွယ်ဆေး ရတဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံကလည်း ရဖို့အတွက် သေချာသွားတာပေါ့ ။ အဲဒါကိုလည်း သူတို့ လျှောက်လွှာတင်ခိုင်းတာ ဒီဇင်ဘာ ၇ ရက်နေ့က တင်ခိုင်းတယ် ။ ကျွန်တော်တို့ တင်ပြီးသား ဖြစ်ပြီ။ ဒီကာကွယ်ဆေး ရရှိဖို့ ။ အဲဒီတော့ ဘယ်လိုပေးမလဲ ဆိုရင် ပထမ အသုတ်အနေနဲ့ နိုင်ငံ လူဦးရေရဲ့ သုံးရာခိုင်နှုန်းကို ပေးမယ် ။ ဘာလို့လဲဆိုတော့ ထောက်ခံစာမှာ ကာကွယ်ဆေးတွေက နည်းနေသေးတာကိုး။ နိုင်ငံ တစ်နိုင်ငံကို စုစုပေါင်း ၂၀ ရာခိုင်နှုန်း ပေးမယ် ။ ပထမဆုံး ပေးပေးချင်း ၃ ရာခိုင်နှုန်း ပေးမယ် ။ နောက်တစ်ခါ ကျန်တဲ့ဟာကို ဆက်ပေးမယ် ။ ပေးမယ့် အချိန် ကာလကလည်း ၂၀၂၁ ခုနှစ် First Quarter အတွင်းမှာ သူတို့ ပေးနိုင်အောင် သူတို့ ကြိုးစားတာပေါ့လေ ။ First Quater ဆိုတော့ ပထမ လေးလ သို့မဟုတ် ခြောက်လအတွင်းမှာ သူတို့ ရအောင် စီစဉ်ပေးမယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက “ကာကွယ်ဆေးက ရမှာ သေချာနေပြီ ။ ၂၀၂၁ ခုနှစ် ပထမ လေးလအတွင်းမှာတော့ ရမှာပဲ ။ ဒါက တစ်ပိုင်းပေါ့။ ဝယ်ဖို့အတွက်ကြတော့လည်း စီစဉ်နေတယ် ။”ဟု ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် COVID-19 ကာကွယ်ဆေးအား ပထမဆုံး ၃ ရာခိုင်နှုန်း ရရှိပါက ကျန်းမာရေး ဝန်ထမ်းများ ၊ သက်ကြီးရွယ်အိုများ နှင့် ရောဂါရှိသူများကို ဦးစားပေးထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ပထမဆုံး ၃ ရာခိုင်နှုန်း ရလို့ရှိရင် ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေးမယ် ။ နောက် ကျန်းမာရေး ဝန်ထမ်းတွေရဲ့ မိသားစု ။ အဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါ ရှိတဲ့သူတွေကို ဦးစားပေးမယ်။ နောက် တစ်နိုင်ငံလုံးမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေ ၊ ရောဂါရှိတဲ့သူတွေကို ဦးစားပေးမယ် ။ နောက် နိုင်ငံရဲ့ အဓိက ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်နေတဲ့လူတွေ ၊ စီးပွားရေး လုပ်ငန်းတွေ အဲလိုမျိုးပေါ့ အဆင့်ဆင့်ပေါ့ Target အတိုင်း ပထမ ၃ ရာခိုင်နှုန်း ရရင် ဘယ်လိုလုပ်မလဲ ။ နောက်ထပ် ၁၀ ရာခိုင်နှုန်း ရရင် ဘယ်လိုတွေ ထိုးမလဲ ။ ၂၀ ရာခိုင်နှုန်း ရရင် ဘယ်လိုထိုးမလဲ စသဖြင့် အသေးစိတ် အစီအစဉ်ကို ဒီဇင်ဘာ ၇ ရက်က တင်လိုက်ပြီ။”ဟု ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားခဲ့သည်။
ထို့ပြင် အစွမ်းထက်ပြီး ဈေးသက်သာသည့် ကာကွယ်ဆေးများ ပေါ်လာနိုင်သေးကြောင်း ၊ နိုင်ငံအတွက် သင့်တော်သည် ဆိုပါက ပိုမိုပြီး လွှမ်းခြုံမှုကောင်းအောင် ထပ်မံဖြည့်စွက် ဝယ်ယူပြီး နိုင်ငံတွင်း ထိုးပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုဝင်ဘာလအတွင်း ပြုလုပ်သော အစည်းအဝေးတွင် ထည့်သွင်း ပြောကြားထားသည်။ယခုအခါ မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၁၃ ရက်အထိ COVID-19 အတည်ပြု လူနာပေါင်း ၁၀၈၃၄၂ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၈၆၇၉၅ ဦးနှင့် သေဆုံးလူနာပေါင်း ၂၂၆၈ ဦး အသီးသီး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)