MYANMAR
COVID-19 ဆိုင်ရာအမျိုးသားအဆင့် ဗဟို ကော်မတီက အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့မည်

နေပြည်တော်၊ မေ ၁၆ ရက်(ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟို ကော်မတီသည် အခြေခံလူတန်းစာများအား ဒုတိယအကြိမ် ထောက်ပံ့သွားမည် ဖြစ်ရာ ပထမအကြိမ်မှာကဲ့သို ့ အခြေခံ စားကုန် ငါးမျိုး ဝေငှခြင်းမျိုး မဟုတ်ဘဲ ငွေသားသက်သက် ထောက်ပံ့မည် ဖြစ်ပြီး online payment ဖြင့် ပေးပို့ ထောက်ပံ့ မည်ဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်း ပြုလုပ်သည့် အိမ်တော် သတင်းထောက်များအား အွန်လိုင်း ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ဖြေကြားရာတွင် ပြောကြားခဲ့ သည်။
“ပြီးခဲ့တဲ့ ပထမအကြိမ် ရိက္ခာ ငါးမျိုး ဝေတုန်းက အခြေခံ လက်လုပ်လက်စား အိမ်ထောင်စု ၃ ဒသမ ၉၉ သန်းရှိခဲ့တယ်၊ အဲဒါကို အခြေခံပြီး ပိုတိကျတဲ့ digital information တွေ ရအောင် ထွေ/ အုပ်နဲ့ ညှိနှိုင်း ဆောင်ရွက်နေပါပြီ၊ အရင်က အခြေခံ စားကုန်တွေ အဆင့်ဆင့် သွားရတဲ့ အတွက် သတ်မှတ်ပမာဏအတိုင်း မရောက်တာတွေလည်း ရှိခဲ့တယ်၊ အခုက ကာယကံရှင်တွေ လက်ထဲကို အလေအလွင့်မရှိ ရောက်အောင်လို့ ငွေသားကိုပဲ Wave Money လို OK လို online payment နဲ့ ပေးပို့ သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။
ထိုသို့ ပေးပို့နိုင်ရန်ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်ပြီး မည်သည် မြို့နယ်များ၌ မည်သည့် online payment က အဆင်ပြေသနည်း၊ မည်သည့် ဒေသများတွင် မည်သည့် online payment က ကျေးရွာများအထိ ရောက်ရှိသနည်း စသည်တို့ကို ဆွေးနွေးလျက်ရှိကြောင်း၊ မိသားစု တစ်စုလျှင် ကျပ်ငွေ သုံးသောင်းမှ လေးသောင်းခန့်အထိ ပံ့ပိုးရန်လျာထားကြောင်း၊ အောက်ခြေ၌ အခြေခံ လူတန်းစား သတ်မှတ်ချက်အပေါ် အငြင်းမပွားစေရန် မိသားစုများက ပုံစံများ ဖြည့်သွင်းခြင်းကို အချိန်ယူ စီစဉ်ထားကြောင်း၊ ပြည်သူများ အဆင်ပြေရေးနှင့် လေလွင့် ဆုံးရှုံးမှု မရှိရေးအတွက် ယခုလို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် ရက်သတ္တ နှစ်ပတ်မှ သုံးပတ်အတွင်း ဆောင်ရွက်နိုင် မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ယခု ပံ့ပိုးမည့် အစီအစဉ်သည် COVID-19 အလွန် စီးပွားရေး နာလန်ထူရေး အစီအစဉ် (CERP: _ COVID-19 Economic Relief Plan) တွင် ပါဝင်ကြောင်းလည်း ဦးဇော်ဌေးက ပြောခဲ့သည်။
ပထမ အကြိမ် အခြေခံ စားကုန် ငါးမျိုး ဝေငှခဲ့စဉ်က တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း ၃ ဒသမ ၉၉ သန်းအတွက် နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ် ၅၀ ဒသမ ၈၄ ဘီလီယံ ကျခံခဲ့ကြောင်း သိရသည်။ (Xinhua)