Connect with us

MYANMAR

COVID-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ဆေးရုံ ၇၀၀ ကျော်သို့တပ်မတော်က လှူဒါန်းမည်ဟု ဆို

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မီဒီယာသို့ ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၂ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အထောက်အကူပစ္စည်းများအား ယခုလ အတွင်း ပြည်သူ့ ဆေးရုံ ၇၀၀ ကျော်သို့တပ်မတော်က လှူဒါန်းမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ပြည်သူ့ ဆေးရုံကြီး ၃၀ ရုံ၊ အထွေထွေရောဂါကု ဆေးရုံ ၂၄ ရုံ၊ ခရိုင် ဆေးရုံ ၃၂ ရုံ၊ မြို့နယ် အဆင့် ဆေးရုံ ၂၃၃ ရုံနဲ့ တိုက်နယ်ဆေးရုံ ၃၉၂ ရုံ၊ ကျေးလက် ကျန်းမာရေး ဌာန ၅၀၀ ကို လှူဒါန်းသွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ဆေးရုံများသို့ လှူဒါန်းရာတွင် ပစ္စည်းအနေဖြင့် နှာခေါင်းစည်း ၁၅ သိန်း၊ မျက်နှာအကာ (face shield) တစ်သိန်း၊ PPE ဝတ်စုံ ရှစ်သောင်း၊ နှလုံးနှင့် အောက်စီဂျင် တိုင်းစက် ၁၆၈ လုံး အပါအဝင် ဆေးရုံသုံးပစ္စည်း ၃၂ မျိုး တို့ ပါဝင်ကြောင်းလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကိစ္စသည် နိုင်ငံ့အရေး အမျိုးသား အရေး ဖြစ်သောကြောင့် တပ်မတော်အနေဖြင့် လုပ်ဆောင်သင့်သည်မှန် သမျှကို လုပ်ဆောင်သွားရမည် ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မကြာခဏ ပြောခဲ့ကြောင်း၊ နိုင်ငံ့စွမ်းအားများကို ထိခိုက်စေသော ကိစ္စဖြစ်သောကြောင့် တပ်မတော်အနေဖြင့် လူမျိုး ဘာသာမရွေး၊ အဖွဲ့အစည်း ပေါင်းစုံနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော် အနေဖြင့် မေလ ၂၀ ရက်နေ့ အထိ ဘာသာရေး အဆောက်အအုံများ အပါအဝင် အများနှင့် သက်ဆိုင်သော အဆောက်အအုံ စုစုပေါင်း ၁၃၈၁၉ ခုတို့မှာကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများနှင့် အရပ်သား အစမ်းခန့် ဝန်ထမ်းများ၏ လစာငွေ လှူဒါန်းမှု အနေနှင့် ဧပြီ လတွင် ကျပ် ၂ ဒသမ ၃၁၆ ဘီလီယံ၊ မေလတွင် ကျပ် ၂ ဒသမ ၁၅၉ ဘီလီယံ၊ စုစုပေါင်း ၄ ဒသမ ၄၇၅ ဘီလီယံကျပ်တို့ကို သုံးကြိမ် လှူဒါန်းခဲ့ကြောင်း၊ ယခုလတွင် ပြည်သူ့ ဆေးရုံများ ကို ပထမအကြိမ်အဖြစ် လှူဒါန်းဖို့ စီစဉ်ပြီး ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ထို့အပြင် ယခုလ ၁၉ ရက်နေ့တွင် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ UWSA အဖွဲ့အား လည်း ကောင်း၊ ၂၀ ရက်နေ့တွင် KIO/ KIA အဖွဲ့အားလည်းကောင်း COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဆိုင်ရာ အထောက်အကူ ပစ္စည်းများ ပေးလှူခဲ့ကြောင်း၊ ၀ ဒေသနှင့် မိုင်းလားဒေသတို့၌ မေလ ၁၂ ရက်မှ စပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သည့် ဆေးအဖွဲ ့များနှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ဆောင်ရွက်မှုသည် အပြန်အလှန် ယုံကြည် နားလည်မှုကို ပြသနိုင်ခဲ့ပြီး နိုင်ငံ့အရေး၊ ပြည်သူ့ အရေး အလေးထား ပူးပေါင်း ဆောင်ရွက်နိုင်မှုများကို ထုတ်ဖော် ပြသနိုင်ခဲ့ကာ ထိုသို့ ဆောင်ရွက်မှုမှတစ်ဆင့် တစ်နိုင်ငံလုံး လိုလား တောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေးကို ခိုင်မာစွာ လျှောက်လှမ်းနိုင်မည့် ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပါကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.