Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု နှစ်လဝန်းကျင် ရှိလာချိန်တွင် COVID-19 ရောဂါ ထိန်းချုပ်ရေး အတိုင်းအတာ တစ်ခုထိ ဆောင်ရွက်နိုင်ဟုဆို 

ရန်ကုန်မြို့၌ နှာခေါင်းစည်း နှင့် မျက်နှာ အကာအကွယ်များ တပ်ဆင်ထားသော အမျိုးသား တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု နှစ်လဝန်းကျင် ရှိလာချိန်တွင် လက်ရှိအနေအထားအရ COVID-19 ရောဂါ ထိန်းချုပ်ရေး အတိုင်းအတာ တစ်ခုထိ ဆောင်ရွက်နိုင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

“လက်ရှိ အနေအထားအရ ဆိုရင်တော့ မဆိုးဘူးပေါ့။ လက်ရှိအချိန်နဲ့ပဲ ပြောရမှာပေါ့။ COVID-19 က အင်မတန်မှ မာယာလဲ များတယ်။ ကူးစက်နှုန်းကလဲ မြန်တယ်။ လျှော့တွက်လို့တော့ မရပါဘူး။ ဒီနေရာ ဒီအချိန်ထိ ဒီလို အနေအထား ထိန်းထားနိုင်တယ် ဆိုတာ ပြောရရင် အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ့။ ကဏ္ဍအသီးသီးမှာ ရှိတဲ့ ပါဝင်တဲ့သူတွေ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် COVID-19 ရောဂါ ထိန်းချုပ်ရေးမှာ အတိုင်းအတာ တစ်ခုထိ လက်ရှိအနေအထား အရ ဆောင်ရွက်နိုင်တယ်။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာအား မတ် ၂၃ ရက်တွင် စတင် တွေ့ရှိခဲ့ပြီးနောက် ယခု နှစ်လဝန်းကျင်သို့ ရောက်ရှိလာချိန်တွင် ရောဂါပိုး ရှိသူ ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်မှာ ၂၀၁ ဦး နှင့် ပြန်လည် သက်သာလာသူ ၁၁၆ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

“ကျွန်တော်တို့ဆီမှာ ပုံမှန်အတိုင်းဆိုရင် နိုင်ငံတကာမှာ ရှိတဲ့ Model တွေအရ ပြန်ကြည့်ရင် လူထု Social Distancing ပေါ့။တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း ဆိုတာရယ် ၊ ကာကွယ်ရေး နည်းလမ်းတွေကို မကျင့်သုံးဘူး ဆိုရင် First Case ကနေ တွေ့တဲ့ ပမာဏက တွက်ချက်ထားတာ အရဆို အခုလောက်ဆို ထောင်ကျော်ရတော့မှာပေါ့။ Contact tracing အစီအမံတွေ ကောင်းတယ်။ လုပ်နိုင်တယ်။ တစ်အိမ်တက်ဆင်း လိုက်ရှာတဲ့ Case တွေ ၊ Contact တွေကလဲ ပူးပေါင်းဆောင်ရွက်တယ်။  ထိတွေ့တဲ့သူတွေကို မခြွင်းမချန် ပြောတယ်ဆိုတော့ ဒီဟာတွေက အချိန်မီ အုပ်နိုင်တဲ့ အခါကြတော့ ရောဂါကွင်းဆက်တွေက ပြတ်တောက်ပြီးတော့ တိုက်တိုက်ဆိုက်ဆိုက် ကူးတဲ့ အနေအထားတွေ နည်းတာကို တွေ့ရတယ်။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ထည့်သွင်း ပြောကြားခဲ့သည်။ 

COVID-19 ရောဂါ ဖြစ်ပွားမှု နှစ်လဝန်းကျင်တွင် မေ ၂၂ ရက် အထိ စုစုပေါင်း ဓာတ်ခွဲ စစ်ဆေးသူ ၁၇,၈၇၅ ဦး ရှိပြီး ပိုးတွေ့လူနာ ၂၀၁ ဦး အနက် ပြန်လည်သက်သာလာသူ ၁၁၆ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။ 

COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေများတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုး တွေ့ရှိသူ လူနာ အများဆုံး အဖြစ် ၁၅၆ ဦး ရှိပြီး နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များမှာ ပိုးတွေ့လူနာများ ရှိခဲ့သော်လည်း ယခုချိန်ထိ ကယားပြည်နယ်၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးကြောင်း သိရသည်။ 

ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန နှင့် ဆေးသုတေသန ဦးစီးဌာနတို့တွင် COVID-19 ရောဂါပိုးကို Polymerase Chain Reaction(PCR) နည်းလမ်းဖြင့် စောင့်ကြည့်လူနာ ၊ အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်ခံရသူများ နှင့် လူနာနှင့်အနီးကပ် ထိတွေ့သူများထံမှ ဓာတ်ခွဲနမူနာများကို နေ့စဉ်ပိုမို ရယူပြီး ယခင်ကထက် တိုးမြှင့် စစ်ဆေးသွားရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အတူ မန္တလေးမြို့ ၊ မော်လမြိုင်မြို့ ၊ တောင်ကြီးမြို့ နှင့် လားရှိုးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းများတွင်လည်း အလားတူ နည်းလမ်းဖြင့် COVID-19 ရောဂါပိုး ဓာတ်ခွဲ စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

ကမ္ဘာ့နိုင်ငံ အများစု နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၌ ရောဂါ ဖြစ်ပွားမှုသည် နည်းပါးနေသေးကြောင်း တွေ့ရှိရသော်လည်း အသွားအလာ ကန့်သတ်၍ ရောဂါ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည့် နေရာများကို စနစ်တကျ စီမံခန့်ခွဲမှု မရှိလျှင်သော်လည်းကောင်း ၊ ပိုးတွေ့လူနာ နှင့် အနီးကပ် ထိတွေ့ ဆက်စပ်သူများကို အချိန် နှင့် တစ်ပြေးညီ ရှာဖွေ ဖော်ထုတ်ခြင်း မပြုနိုင်လျှင်သော်လည်းကောင်း ၊ ပြည်သူများ မိမိအိမ်တွင်သာ တတ်နိုင်သမျှ နေထိုင်ရန် နှင့် တစ်ဦး နှင့် တစ်ဦး ၆ ပေခန့် အကွာတွင် ခပ်ခွာခွာ နေထိုင်ရန် စသည့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို တိကျစွာ မလိုက်နာလျှင်သော်လည်းကောင်း ရောဂါ ကူးစက်ပြန့်ပွားမှုသည် အချိန်တိုအတွင်း ပိုမို များပြားလာနိုင်ကြောင်း ဝန်ကြီးဌာနက မေ ၂၂ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လျက် ရှိသည့် လမ်းညွှန်ချက် နှင့် အကြံပြုချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ (Xinhua)