Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၆၁ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံနေရသူများ ဖြစ်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အတွင်း ကျန်းမာရေး စစ်တမ်း ကောက်ယူမှုများအား မေ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲ စစ်ဆေးမှုများအရ မေ ၂၃ ရက် နံနက်အထိ အတည်ပြုလူနာ ၂၀၁ ဦးတွင် ၆၁ ရာခိုင်နှုန်း ဖြစ်သည့် ၁၂၁ ဦးမှာ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံနေရသူများ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ နိုင်ငံမှာ စိုးရိမ်စရာကောင်းတဲ့ အချက်က ရောဂါပိုးတွေ့တဲ့သူရဲ့ ၆၁ ရာခိုင်နှုန်းပေါ့။၂၀၁ ယောက်မှာ ၁၂၁ ယောက်က ရောဂါလက္ခဏာ မပြဘဲနဲ့ ကူးစက်ခံနေရတဲ့လူတွေ ဖြစ်တယ်။ Contact တွေကို လိုက်ပြီး စစ်တဲ့အခါမျိုးပေါ့။နိုင်ငံခြားကနေ ပြန်လာပြီး Quarantine ထဲမှာ လူကောင်းပဲလေ။ အဲလူတွေ စစ်လိုက်တဲ့ အခါကြတော့ ပိုးတွေ့တာကို တွေ့ရတယ်။ ဒီလူတွေက လူစုလူဝေးတို့ ၊ လူအများစုတဲ့ နေရာတွေ သွားနိုင်တယ်။ ဘတ်စ်ကား စီးတာတို့ ၊ Shopping Center တို့ ၊ ဈေးတွေတို့ပေါ့။သူကလဲ လူကောင်းဆိုတော့ အဲဒီအခါကြရင် သူဆီကနေပြီးတော့ သူ့နှာခေါင်းနဲ့ ပါးစပ်က အဲဒီ ဗိုင်းရပ်စ်က အဓိက ထွက်တာပေါ့။  ထွက်တဲ့ အခါကြတော့ သူကိုယ်တိုင်က Mask မတပ်ထားဘူးပေါ့နော်။သူ့အနီးအနားမှာ ရှိတဲ့သူတွေ Mask နဲ့ ပတ်သက်တာ မတပ်ဘူး။နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် Social Distancing အားနည်းတယ် ဆိုရင် ခုနကလို လူတွေကနေပြီးတော့ ပြန်လည်ပြီးတော့ ပျံ့နှံ့လာမယ့် အလားအလာပေါ့။”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။ 

COVID-19 ရောဂါ ဖြစ်ပွားမှု နှစ်လအတွင်း မေ ၂၂ ရက် အထိ စုစုပေါင်း ဓာတ်ခွဲ စစ်ဆေးသူ ၁၇,၈၇၅ ဦး ရှိပြီး ပိုးတွေ့လူနာ ၂၀၁ ဦး အနက် ပြန်လည်သက်သာလာသူ ၁၁၆ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိခဲ့ပြီး ရောဂါ ဖြစ်ပွားမှု အခြေအနေများတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုး တွေ့ရှိသူ လူနာ အများဆုံး အဖြစ် ၁၅၆ ဦး ရှိကြောင်း သိရသည်။ 

“လူတိုင်းက မိမိတို့ အပြင်ထွက်တဲ့ အခါမှာ သွားလာနေထိုင်ရမယ့် ကျန်းမာရေး အသိနဲ့ ကျန်းမာရေး သတိကို ကျင့်သုံးဖို့ လိုတယ်။ New Normal ကို လက်ခံဖို့ လိုတယ်။ ကျွန်တော်တို့ အနေနဲ့ အားလုံး ဆက်လက် ပူးပေါင်းပါဝင်ပြီးတော့ ဒီကာလ တစ်ခုပေါ့။အထူးသဖြင့် ကာကွယ်ဆေးတွေ တော်တော်လေး ထွက်လာတဲ့ သဘောရှိတာပေါ့။ ဒါတွေ အကုန်လုံး ထိုးနှံနိုင်တဲ့ အချိန်ကာလ တစ်ခုထိ ဇွဲကောင်းကောင်းနဲ့ ကျော်ဖြတ်ဖို့ လိုတယ်ပေါ့နော်။COVID-19 က ရေတို တိုက်ပွဲတော့ မဟုတ်ဘူး ။ ရေရှည်တိုက်ပွဲပါ။ အဲဒါကို ဆက်လက်ပြီးတော့ အားလုံး ဒီအတိုင်း အရှိန်အဟုန် မပြတ် ဆက်လက် ပူးပေါင်းမယ်။ ဒီထက် အရှိန်အဟုန် မြှင့်တင် ပူးပေါင်းမယ် ဆိုရင်တော့ ကျွန်တော်တို့က အခြေအနေကောင်းမယ့် သဘော ရှိတာပေါ့။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူအား မတ် ၂၃ ရက်တွင် စတင် တွေ့ရှိခဲ့ပြီးနောက် အချိန်အားဖြင့် နှစ်လတာကာလ ဝန်းကျင်သို့ ရောက်ရှိလာခဲ့ပြီး နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များမှာ ပိုးတွေ့လူနာများ ရှိခဲ့သော်လည်း ယခုချိန်ထိ ကယားပြည်နယ်၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးကြောင်း သိရသည်။ (Xinhua)