Connect with us

MYANMAR

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ အား ဇွန်လ ၁၅ ရက် အထိ ထပ်မံတိုးမြှင့် 

ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ နှာခေါင်းစည်းများဖြင့် ခရီးသည်တစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို  ဇွန်လ ၁၅ ရက် ၂၃:၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မေ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလ ကို ထပ်မံတိုးမြှင့် ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များပြေးဆွဲမှုများကိုမူ ပုံမှန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ခရီးသည်များအနေဖြင့် COVID – 19 ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်နိုင်ရန် လေဆိပ်အတွင်း ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ သတိပေးချက်များကို လိုက်နာဆောင်ရွက်ကြရန် သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်များကို https://bit.ly/2XdMZrn တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ခရီးသည်များအနေဖြင့် မိမိတို့ လေကြောင်းခရီးစဉ် စီစဉ် ၊ ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများ၊ ခရီးသွား အေဂျင်စီများကို ဆက်သွယ်မေးမြန်းရန်လည်း အကြံပြုထားသည်။ 

Four Stars Family Travel Agent မှ  တာဝန်ရှိသူတစ်ဦးက “ပြည်တွင်းလေကြောင်းလိုင်းတွေ ကတော့ ရက်ခြားပြေးတဲ့ schedule တွေ ကိုတွေ့ရတယ်။ ပြည်ပခရီးစဉ်တွေကတော့ နိုင်ငံတကာလေကြောင်းလိုင်းတွေလည်း ပိတ်ထားသေးတော့ ပြည်ပလေယာဉ်လက်မှတ်ဝယ်ထားသူတွေက တစ်ချို့ က ပိုက်ဆံပြန်အမ်းငွေယူတာတွေရှိတယ်။  တချို့ ကတော့ ရက်ပြန်ပြောင်းသွားကြတယ်။’’ ဟုဆင်ဟွာကိုမေ ၂၉ ရက်တွင်ပြောသည်။

COVID-19 ရောဂါ ပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ မေ ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ(ဖြေလျှော့ပေးသည့် ကိစ္စရပ်များမပါ) အား ဇွန်လ ၁၅ ရက်အထိ ရက်တိုးမြှင့်ဆောင်ရွက်ထားကြောင်းအသိပေးကြေညာချက်အား COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ကော်မတီ မှ အသိပေးကြေညာချက် ကို မေ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။  (Xinhua)