Connect with us

MYANMAR

COVID-19 ရောဂါထိန်းချုပ်နိုင်ရန် ပြည်ပနိုင်ငံများမှ ပြန်လာသူများ စည်းကမ်းများ တိတိကျကျလိုက်နာရန် အထူးအရေးကြီးဟု ထုတ်ပြန်ကြေညာ

ရန်ကုန်မြို့တွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ခြင်းဖြင့် နှာခေါင်းစည်းများတပ်ပြီး သွားလာလှုပ်ရှားစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ  ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်COVID-19 ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ရန် ပြည်ပနိုင်ငံများမှ ပြန်လာသူများ သတ်မှတ်ထားသော စည်းကမ်းများကို တိတိကျကျ လေးလေးနက်နက် ထားပြီး လိုက်နာရန် အထူးအရေးကြီးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ပမှဝင်ရောက်လာကြသူများအနေဖြင့် မိမိကိုယ်တိုင်သာမက၊ မိမိနှင့်အတူ ဝင်ရောက်လာသူများ၌ ရောဂါကူးစက်ခံနေရမှုရှိနေနိုင်ပြီး ရောဂါပိုးသယ်ဆောင်လာသူများ ဖြစ်နေနိုင်သည့်အတွက် သတ်မှတ်နေရာအဆောက်အဦများ၌ အသွားအလာကန့်သတ် ထားရှိခံရချိန်တွင် သတ်မှတ်ထားသော စည်းကမ်းများကို တိတိကျကျ လေးလေးနက်နက် ထားပြီး လိုက်နာရန်မှာ ယခုအချိန်ကာလ၌ အထူးအရေးကြီးကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုပြင် quarantine လုပ်ခံရသူများအနေဖြင့် လိုက်နာရမည့် လမ်းညွှန်ချက်များ ကို အလေးထား၍ တိကျစွာ လိုက်နာပါက မိမိတို့ မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌  မေ ၁၇  ရက်နေ့တွင် တွေ့ရှိရသည့် လူနာအမှတ် (Case – 183) နောက်ပိုင်းတွင် နိုင်ငံတွင်းရောဂါကူးစက်ပြန့်ပွားသူ မတွေ့ရှိရသည်မှာ (၁၃) ရက်ခန့် ကြာပြီဖြစ်ကြောင်းသို့ရာတွင် ပြည်ပသို့အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသော မြန်မာနိုင်ငံသား များသည် နယ်စပ်ဂိတ်များမှတစ်ဆင့်လည်းကောင်း၊ ကယ်ဆယ်ရေးလေယာဉ်များဖြင့် လည်းကောင်း နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်မှုများမှာ လတ်တလောကာလတွင် များပြားလာနေကြောင်း၊ မေ ၁၇ ရက် နောက်ပိုင်းတွေ့ရှိရသော ဓာတ်ခွဲအတည်ပြု လူနာများမှာ အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၂၁) ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ (၁၁) ဦး၊ ယူအေအီးနိုင်ငံမှ ပြန်လာသူ (၈) ဦးနှင့် အီတလီနိုင်ငံမှ ပြန်လာသူ (၁) ဦး ဖြစ်ပြီး စုစုပေါင်း (၄၁)ဦးတွေ့ရှိခဲ့ကြောင်း ၊ ပြည်ပမှပြန်ရောက်လာသူများတွင် ရောဂါပိုး ပါလာသည် တွေ့ရှိနေကြောင်း သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများနှင့် လမ်းညွှန်ချက်များအား အလေးထား၍ တိကျစွာ ဆက်လက် လိုက်နာမှသာလျှင် မိမိတို့မြန်မာနိုင်ငံ၌ ဤ COVID-19 ကပ်ရောဂါကို အချိန်တိုအတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။  (Xinhua)