Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅ ဦး တွေ့ရှိ ၊ စုစုပေါင်း လူနာ ၃၃၆ ဦး ရှိလာ

ရန်ကုန်မြို့တွင်း ဘတ်စ်ကားတစ်စီးပေါ်တွင် နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) 

ထိုင်းနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ သွားရောက်ခဲ့သူ ၅ ဦးထံမှ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း ယနေ့ ဇူလိုင် ၁၃ ရက် ညပိုင်းတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၃၆ ဦး ရှိလာခဲ့ကြောင်း သိရသည်။ 

ယခုစစ်ဆေးတွေ့ရှိခဲ့သည့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅ ဦးသည် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင် ၊ ရန်ကင်း ၊ မင်္ဂလာတောင်ညွှန့် ၊ သင်္ကန်းကျွန်း မြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်း မြို့နယ်များမှ ဖြစ်ကာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိဘဲ ပြည်ပသို့ ခရီးသွား ရာဇဝင် ရှိသူများ ဖြစ်ကြပြီး အသွားအလာကန့်သတ်ထားရှိထားသူများ ဖြစ်ကြကြောင်း သိရသည်။ 

ထို့အတူ  ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ယနေ့အထိ စုစုပေါင်း (၂၆၁) ဦးရှိကြောင်း ၎င်းတို့အနက် (၂၄၉) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဇူလိုင် ၁၃ ရက်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁၈၈)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၂၄) ခု ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၇၅) ခု နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၀၃) ခု စုစုပေါင်း (၇၉၀)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)