Connect with us

MYANMAR

COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အတွက် ကျပ် ဘီလီယံ ၈၀ ကျော် ထပ်မံသုံးစွဲမည် ဟု ဆို

ရန်ကုန်မြို့တွင်း တစ်နေရာမြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် အစိုးရအနေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ဘဏ္ဍာရန်ပုံငွေများကို ဆက်လက်သုံးစွဲသွားဦးမည်ဖြစ်ရာ G-20 နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှု အစီ အစဉ်မှ ထွက်ပေါ်လာမည့် ကျပ် ၈၀ ဘီလီယံကျော်ကိုလည်း ထိုအတွက် လာမည့် ဘဏ္ဍာရေးနှစ် အတွင်း သုံးစွဲသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

”G-20 နိုင်ငံတွေကပေးတဲ့ ကြွေးမြီရွှေ့ဆိုင်းမှု အစီအစဉ်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ကြွေးမြီ ပေးဆပ်ခွင့် ရွှေ့ဆိုင်းနိုင်တဲ့ ပမာဏ ကျပ် ၈၂ ဘီလီယံလောက်ရှိပါသေးတယ်၊ ဒါကိုလည်း ၂၀၂၀-၂၀၂၁ ထဲမှာ သုံးစွဲနိုင်မယ်လို့တွေ့ရှိရပါတယ်”ဟု ၂၀၂၀-၂၀၂၁ အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေကြမ်းတို့အား လွှတ်တော်ကိုယ်စား လှယ် များက ဆွေးနွေး အကြံပြုချက်များ အပေါ် ပြန်လည် ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက် ပြီး လက်ရှိ၌ ဘဏ္ဍာငွေများ သုံးစွဲလျက်ရှိသည့်အပြင် လာမည့်ဘဏ္ဍာရေးနှစ်တွင်ပါ ပြည်ပချေးငွေများဖြင့် ဆက်လက် သုံးစွဲသွား မည်ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရေး အတွက်လည်း COVID-19 အလွန် စီးပွားရေး နာလန်ထူရေးအစီစဉ် (CERP) ကို ဆက်လက် အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ အနက် အမေရိကန် ဒေါ်လာ သန်း ၃၅၀ ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရရှိခဲ့ပြီး ဖြစ်သကဲ့သို့ ကျန်သည့် ချေးငွေ ကိုလည်း လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယအရစ်အနေဖြင့် ရရှိလာမည်ဖြစ်ကြောင်း၊ ထို့အပြင် လွှတ်တော်က အတည်ပြုထားပြီး ဖြစ်သည့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ချေးငွေ ယန်း ၃၀ ဘီလီယံ၊ အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ် (ADB) ချေးငွေ အမေရိကန် ဒေါ်လာ သန်း၂၅၀ တို့နှင့် ပတ်သက်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ထုတ်ယူသုံးစွဲသွားနိုင်ပါ ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်းပြောကြားသွားသည်။  (Xinhua)