Connect with us

MYANMAR

COVID-19 ရောဂါပိုး ယနေ့စစ်ဆေးတွေ့ရှိသူ Case-039 အမျိုးသား သေဆုံး

ရန်ကုန်မြို့တွင်း COVID-19 ရောဂါကာကွယ်ရန် mask တပ်ဆင်သွားလာနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ဧပြီ ၁၂ ရက် (ဆင်ဟွာ)

 အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ COVID-19 ရောဂါအတွက်ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အား စစ်ဆေးမှု၌ အသက် ၈၅ နှစ်အရွယ် စောင့်ကြည့်လူနာ အမျိုးသားတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ရောဂါပိုးတွေ့ရှိသူ Case-039 အမျိုးသားသည် သေဆုံးသွားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ည ၈နာရီ၌ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (Case-039) သည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် တွင်နေထိုင်သူ အသက် (၈၅) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဧပြီ ၉ ရက်၌ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ စတင်ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဧပြီ ၁၁ ရက်နေ့တွင် သွားရောက်ပြသခဲ့ရာစောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲ နမူနာရယူစစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလူနာသည် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပ နိုင်ငံများသို့ ခရီးသွားလာသော ရာဇဝင်မရှိခဲ့ကြောင်း ဆီးချိုရောဂါနှင့် နှလုံးသွေး ကြောကျဉ်းရောဂါအခံရှိပြီး လူနာမှာ ဆေးရုံ စတင်တက်ရောက်သည့် အချိန်တွင် အလွန်မောပန်းလျက်ရှိပြီး သွေးတွင်း အောက်စီဂျင်ဓာတ်များ ကျဆင်းလျက် ရှိရာ လိုအပ်သော ကုသမှုများပေးခဲ့သော်လည်း ယနေ့ ၆နာရီတွင် သေဆုံးခဲ့ကြောင်း၊ သေဆုံးရသည့် အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂၆)ဦး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တွင် လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၂)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီး ရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရသည်။၂၀၂၀ ပြည့်နှစ် မတ် ၂၃ရက်မှ ဧပြီ ၁၂ ရက် ည(၈နာရီ)ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၉)ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄ ဦးထိရှိလာကြောင်း သိရသည်။(Xinhua)