Connect with us

MYANMAR

မြန်မာနိုင်ငံ၌ သုံးပတ်အတွင်း COVID-19 ရောဂါပိုးရှိသူ ၄၁ ဦးတွင် ၄ဦးသေဆုံး

ရန်ကုန်မြို့တွင်း COVID-19 ရောဂါကာကွယ်ရန် mask တပ်ဆင်သွားလာနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၀၂၀ပြည့်နှစ် မတ် ၂၃ ရက်မှ ဧပြီ ၁၂ ရက်ထိ COVID-19 ရောဂါပိုးရှိသူ ၄၁ ဦးရှိပြီး သေဆုံးသူ ၄ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၁၃ ရက် မနက် တစ်နာရီဝန်းကျင်က ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဧပြီ ၁၂ ရက် ညပိုင်းတွင် စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာနေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေသူများ စုစုပေါင်း (၂၇၈)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ စောင့်ကြည့်လူနာ ၂၇၅ ဦးတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိခဲ့ပြီး ၃ဦးတွင်သာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် (၈၅) နှစ်အရွယ်ရှိ ဓာတ်ခွဲအတည်ပြုလူနာ (Case-039) အမျိုးသားတစ်ဦးသည် ဧပြီ ၁၂ ရက်၌ သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အစောပိုင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။ ဓာတ်ခွဲအတည်ပြုလူနာ (Case-040) သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၆၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case-08) နှင့် (Case-028) တို့နှင့်အတူနေမိသားစုဝင်များဖြစ်ကြောင်း၊ (Case-08) အား ဓာတ်ခွဲအတည်ပြု လူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် လူနာမှာ မတ် ၂၈  ရက်နေ့တွင် (Case-028) နှင့်အတူ နေအိမ်၌ အသွားအလာကန့်သတ်ခြင်းပြုလုပ်ထားရှိခံခဲ့ရကြောင်း သိရသည်။

 ရန်ကုန်မြို့တွင်း COVID-19 ရောဂါကာကွယ်ရန် mask တပ်ဆင်သွားလာနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

 အဆိုပါ (Case-040) လူနာအား ဧပြီ ၉  ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ပြီး ယင်းနေ့တွင်ပင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) ၏ ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိရကြောင်း၊ သို့သော်လည်း လူနာမှာ မောခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ဧပြီ ၁၂ရက်နေ့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ ဓာတ်ခွဲနမူနာထပ်မံရယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါအခံများရှိကြောင်း သိရသည်။

အလားတူ ဓာတ်ခွဲအတည်ပြုလူနာ (Case-041) သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သော အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဧပြီ ၆ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်းစသော လက္ခဏာများ ခံစားခဲ့ရသော်လည်း ရောဂါလက္ခဏာမှာ ပြင်းထန်ခြင်းမရှိသဖြင့် ဆေးရုံသို့ သွားရောက်ပြသ ခဲ့ခြင်းမရှိကြောင်း သိရသည်။ 

အဆိုပါလူနာသည် (Case-024)၊ (Case-034)၊ (Case-035)၊ (Case-036) နှင့် (Case-037) တို့နှင့် ဘာသာရေးအခမ်းအနား အတူတက်ရောက်ခဲ့ဖူးသည့် ရာဇဝင်ရှိ ကြောင်း သိရှိခဲ့ပြီး လူနာသည် ဧပြီ ၁၂ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းစသော လက္ခဏာများထပ်မံခံစားခဲ့ရသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီး သို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း ကုသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂၇)ဦး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တွင် လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၄)ဦး တို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေ မှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိသည်။(Xinhua)