Connect with us

MYANMAR

ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများကို မေလ ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များအား မတ်လ အတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) 

COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်နိုင်ရန် ရှေ့ရှုလျက် နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက် များနှင့်စပ်လျဉ်းသည့် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများကို မေလ ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်  ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွား များအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ဧပြီ ၃၀ ရက်အထိ ပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများပါရှိသည့် ကြေညာချက် လေးစောင်အား ယခုကဲ့သို့ မေလ ၁၅ ရက်အထိ ထပ်မံ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကြေညာချက် လေးစောင်တွင် မြန်မာနိုင်ငံသို့ လာရောက်ကြသည့်  ခရီးသွားများအပေါ် ကြိုတင် ကာကွယ်ရေး ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ဧပြီ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက် ၊ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင် ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့်စပ်လျဉ်း၍ မတ် ၂၀ ရက်စွဲပါ ကြေညာချက်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ မတ် ၂၄ ရက်စွဲပါ ကြေညာချက် နှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေးဗီဇာ အပါအဝင် မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစား ကိုမဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍ မတ် ၂၈ ရက်စွဲပါကြေညာချက်တို့ ဖြစ်ကြောင်း သိရသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသားများ အပါအဝင် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အချိန်မှစတင်၍ သတ်မှတ်နေရာများတွင် ၂၁ ရက်ကြာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ခံယူခြင်း နှင့် မိမိနေအိမ်တွင် ၇ ရက်ကြာ သီးခြားနေထိုင်ခြင်းတို့ကို့ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)