Connect with us

MYANMAR

COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် Community Fever Clinic များ နှင့် တွဲဖက်၍ Isolation Center များစတင်ဖွင့်လှစ်လျက်ရှိ

ဖျားနာကုအခမဲ့ဆေးခန်း တစ်ခုတွင်လာရောက်ပြသသောလူနာအားဆရာဝန်များမှ ဆွေးနွေးပြောကြားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- Community Fever Clinic)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဖျားနာကုအခမဲ့ဆေးခန်း (Community Fever Clinic) များ နှင့် တွဲဖက်၍ Isolation Center များစတင်ဖွင့်လှစ်လျက်ရှိပြီး ဆက်လက်ဖွင့်လှစ်သွားရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း Community Fever Clinic Network မှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ နေမင်းထက် က ဆင်ဟွာသို့ အောက်တိုဘာ ၃ ရက်တွင်ပြောသည်။

အနံ့ပျောက်ရုံ၊ ရောဂါပြင်းထန်မှု မရှိသည့် လူနာများအား အဆိုပါ Isolation Center များတွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ COVID-19 ဒုတိယလှိုင်းတွင် အနံ့မရလူနာများ အလွန်များကြောင်း၊ အနံ့မရသူများအားစစ်ဆေးကြည့်သောအခါတွင် ၅၀ ရာခိုင်နှုန်းမှာ COVID-19 ရောဂါအားတွေ့ရှိရကြောင်း၊ သို့သော်ခဏနှင့်ပြန်ကောင်းသက်သာသူများကြောင်းဆိုသည်။

“ရိုးရိုးအနံ့မရတွေကြတော့ ဆေးရုံကလက်မခံဘူး။ ဘာလို့လဲဆိုတော့ အစိုးရကချမှတ်ပေးထားတဲ့ category တွေရှိတယ်။ ဘယ်လိုလူမျိုးတွေကို ဆေးရုံက လက်ခံမယ်ဆိုတာမျိုးပေါ့။ ဘယ်လိုလူမျိုးတွေကို Swab ယူလို့ ရတယ်။ ဘယ်လိုလူမျိုးတွေဆို Swab ယူလို့မရဘူး ဆိုတဲ့ category (a)(b)(c)(d) ဆိုပြီးရှိတယ်။ ဆေးရုံတွေက အဲဒီအတိုင်းသွားတယ်။ တချို့သူတွေက နားမလည်ဘူး။  အဖျားရှိတယ်။ အနံ့မရဘူး။ ဆေးရုံသွားရင် လက်မခံဘူး၊ပြန်လွှတ်တယ်ဆိုတာ category အရ ဆေးရုံတွေက ဆောင်ရွက်တာဖြစ်တယ်။ အဖျားရှိတယ်၊ အနံ့မရဘူးဆိုတဲ့လူနာတွေက Fever Clinic တွေလာရင် ကျွန်တော်တို့က ဘယ်ပို့ရမှန်းမသိဘူး။ အဲ့လိုလူနာ တွေအတွက် အခုလိုဆောင်ရွက်ဖြစ်တာပါ’’ ဟု ဒေါက်တာနေမင်းထက်က ဆက်ရှင်းပြသည်။

အဆိုပါ Isolation Center များကို  မြို့နယ်ကျန်းမာရေးမှူး များ၊ အစိုးရတာဝန်ရှိသူများ နှင့် Fever Clinic မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။  

“Isolation Center နဲ့ Fever Clinic နဲ့ တွဲတဲ့မြို့နယ် တွေ တွဲပြီးဆောင်ရွက်နေတာတွေရှိပါတယ်။ လှိုင်သာယာမှာလည်း တွဲပြီးဆောင်ရွက်နေတယ်။ ဗိုလ်တထောင်မှာ  အနံ့မရတွေ၊ COVID Positive တွေ အတွက် ဗိုလ်တထောင်စင်တာဆိုပြီး ထပ်လုပ်နေပြီ။ သာကေတတို့၊ ဒေါပုံတို့မှာလည်း ထပ်လုပ်တယ်။ ဒါတွေ အကုန်လုံးက မြို့နယ်ကျန်းမာရေးမှူးတွေ Fever Clinic က ဆရာဝန်တွေနဲ့ အချင်းချင်းအကုန်လုံးချိတ်ဆက်ပြီး ဆောင်ရွက်သွားမှာပါ။ ထပ်မံတိုးချဲ့ဆောင်ရွက်သွားဖို့လည်းရှိပါတယ်။ ကျွန်တော်တို့ Fever Clinic က တာဝန်ရှိသူနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ပြောတော့ သူတို့ အနံ့မရတွေ အတွက် ဦးစားပေးပြီး လုပ်နေတယ်လို့ပြောတယ်။’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။ 

လှိုင်သာယာမြို့နယ်တွင်  လူအယောက် ၁၅၀ ဝန်းကျင်လောက် ထားနိုင်သည့်  Isolation Center တွင် ၂ ရက်အတွင်း လူပြည့်သွားကြောင်း၊ Isolation Center များ ကို Fever Clinic များနှင့် တွဲ၍ ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားရန်ရှိကြောင်း၊ ပြည်သူများအနဖြင့် အိမ်မှာ တတ်နိုင်သမျှနေ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များလိုက်နာဆောင်ရွက်ပါက COVID-19 ဒုတိယလှိုင်း အား အောက်တိုဘာ မကုန်ခင်ထိန်းနိုင်မည်ဟု မျှော်လင့်ကြောင်းဆိုသည်။  (Xinhua)