Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် ( ၁၁၄၂) ဦးအား စံချိန်တင်တွေ့ရှိ၊ အတည်ပြုလူနာစုစုပေါင်း ၁၅,၅၂၅ ဦးရှိလာ

ရန်ကုန်မြို့ထဲတွင် နှာခေါင်းစည်းဖြင့် သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တွင် COVID-19 အတည်ပြုလူနာသစ် ( ၁၁၄၂) ဦး အားစံချိန်တင်တွေ့ရှိခဲ့ပြီး  (၃၂) ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၃၅၃) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့အထိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာစုစုပေါင်း ၁၅,၅၂၅ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ဒီရက်တွေက COVID-19 တွေ့ရှိနှုန်းက ဆက်မြင့်နိုင်တယ်။ အခုက Rapid Test Kit(RDT) တွေရလာတော့ ပိုစစ်ရတယ်။ များများစစ်လေ များများတွေ့လေဖြစ်နေဦးမယ်။ ဒါပေမယ့် အိမ်မှာနေပါ။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ အဲလိုစည်းကမ်းတကျနေပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ရင် ကျွန်တော်တို့ ထိန်းနိုင်မယ်လို့ယုံကြည်ပါတယ်’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၂ ရက်တွင်ပြောသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၂၂၂)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၄,၃၇၈)ဦး ရှိလာခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၆,၈၉၅) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း ၃၀၈,၂၈၈ ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ်/တိုင်းအလိုက် ယမန်နေ့ကပိုးတွေ့ရှိသူ(၁၀၁၀)ဦးရှိရာ ရန်ကုန်တိုင်းဒေသကြီးက ၈၆၀ ဦးဖြင့်အများဆုံးတွေ့ရှိခဲ့ပြီး၊ ရခိုင် ပြည်နယ်မှ ၁၃ ဦး၊ ဧရာဝတီတီတိုင်းဒေသကြီးမှ ၃၆ ဦး၊မန္တလေး တိုင်းဒေသကြီးမှ ၄၆ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ  ၈ ဦး၊ မကွေးတိုင်းဒေသကြီ မှ ၁ ဦး၊ မွန်ပြည်နယ်မှ ၁၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ  ၅ ဦး၊ကရင်ပြည်နယ်မှ ၄ ဦး၊နေပြည်တော် မှ ၅ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၁၅ ဦးနှင့် ချင်း ပြည်နယ်မှ ၁ ဦး တို့ဖြစ်ကြောင်း သိရသည်။  (Xinhua)