Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၆ ဦး တွေ့ရှိ ၊ ဓာတ်ခွဲအတည်ပြုလူနာတစ်ဦး ထပ်မံ သေဆုံး 

ရန်ကုန်မြို့ ရှိ ဘတ်စ်ကား မှတ်တိုင်တစ်ခု၌ ဘတ်စ်ကားစီးနင်းရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၆ ဦးအား တွေ့ရှိရပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် အသက် (၄၆) နှစ် အရွယ် ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦး သေဆုံးမှု ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်း ထုတ်ပြန်မှုအရ သိရသည်။ 

အဆိုပါ သေဆုံးသွားခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာသည် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၄၆) နှစ် အရွယ် ဓာတ်ခွဲအတည်ပြုလူနာ (Case – 1236) ဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးချိုရောဂါ အခံ ရှိပြီး စက်တင်ဘာ ၅ ရက် ၊ ညနေ ၂နာရီ ၅၅ မိနစ်တွင် သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၃၁၉ ဦး ရှိလာသည့်အနက် သေဆုံးသူပေါင်း ၈ ဦးထိ ရှိလာကြောင်း သိရသည်။ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၅ ရက်အတွက် ဓာတ်ခွဲနမူနာ ၁,၆၉၁ ခုအား စစ်ဆေးရာတွင် လူနာသစ် ၃၇ ဦး ၊ ဓာတ်ခွဲနမူနာ ၁,၄၇၄ ခုအား စစ်ဆေးရာတွင် လူနာသစ် ၆၆ ဦး စုစုပေါင်း လူနာသစ် ၁၀၃ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ယခုထပ်မံတွေ့ရှိခဲ့သော လူနာသစ် ၆၆ ဦးတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ ၁၇ ဦး ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၅ မြို့နယ်မှ  ၄၃ ဦး ၊ ရခိုင်ပြည်နယ် သံတွဲ နှင့် တောင်ကုတ်မြို့နယ်တို့မှ ၃ ဦး ၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ တစ်ဦး ၊ ဧရာဝတီတိုင်းဒေသကြီး ငပုတော နှင့် ဖျာပုံမြို့နယ်တို့မှ နှစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စက်တင်ဘာ ၅ ရက်အထိ စုစုပေါင်း ၃၇၁ ဦးရှိကြောင်း ၊ ၎င်းတို့အနက် (၃၆၆) ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117