Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၇၃ ဦး တွေ့ရှိ ၊ သေဆုံးသူပေါင်း ၁၁၅ ဦး ထိရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ထပ်တိုးလာသဖြင့် သေဆုံးသူပေါင်း ၁၁၅ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်း ထုတ်ပြန်မှု အရ သိရသည်။

COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအရ စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂,၄၉၉ ခုအား စစ်ဆေးခဲ့ရာ လူနာသစ် ၂၇၃ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသွားသူ နှစ်ဦးမှာ အသက် ၈၀ အရွယ် အမျိုးသမီး(Case-4582) သည် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင်လည်းကောင်း ၊ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး(Case-6141)သည် စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် လည်းကောင်း သေဆုံးခဲ့ပြီး အဆိုပါ Case-6141  လူနာသေဆုံးချိန်တွင် ဓာတ်ခွဲနမူနာ ရယူ၍ ပေးပို့စစ်ဆေးထားဆဲဖြစ်ရာ COVID-19 ရောဂါပိုး ရှိသည်ကို ဓာတ်ခွဲအဖြေ ရရှိပြီးနောက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စက်တင်ဘာ ၂၂ ရက် ည ၈ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၆,၇၄၃ ဦးရှိပြီး ဓာတ်ခွဲအတည်ပြု လူနာဟောင်းများအနက် စုစုပေါင်း ၁,၉၅၁ ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအချိန်၌ အထိရောက်ဆုံးနှင့် ငွေကုန်ကြေးကျမရှိဆုံး နည်းဗျူဟာမှာ ပြည်သူများ မိမိအိမ်တွင်သာ နေထိုင်ပြီး မဖြစ်မနေကိစ္စရပ်များအတွက် ပြင်ပသို့ ထွက်ရသည့်အခါ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းပင် ဖြစ်ကြောင်း ၊ ဤကပ်ရောဂါ ထပ်မံပျံ့နှံ့ကူးစက်မှုကို အနည်းဆုံးဖြစ်စေရန် မိမိတို့၏ ပြည်သူ့ကျန်းမာရေး ပညာရှင်များက လုပ်သင့်လုပ်ထိုက်သည်များအားလုံးကို ဆောင်ရွက်နေသည့်အပြင် ကပ်ရောဂါဗေဒ သဘောသဘာဝအရ ပြောင်းလဲနေသည့်ဖြစ်စဉ်ပေါ်မူတည်၍ မိမိတို့သည် နည်းဗျူဟာများကို လိုအပ်လျှင် လိုအပ်သလို ပြောင်းလဲကျင့်သုံးလျက်ရှိကြောင်း ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် ပြည်သူများသို့ အသိပေး ထုတ်ပြန် ပြောကြားခဲ့သည်။ (Xinhua)