Connect with us

MYANMAR

COVID-19 ဒုတိယလှိုင်းက ပထမလှိုင်းနှင့် ယှဉ်ပါက ပို၍ ထိန်းချုပ်ရခက်ခဲဟုဆို 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာနေသူ အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) 

COVID-19 ဒုတိယလှိုင်းသည် ပထမလှိုင်းနှင့် ယှဉ်ပါက ပို၍ ထိန်းချုပ်ရ ခက်ခဲကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့  ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်တွင် COVID-19 ရောဂါပိုးရှိသူအား စတင်တွေ့ရှိခဲ့ပြီးနောက် ပြည်ပနိုင်ငံများမှ ပြန်လာသူများ နှင့် ပြည်တွင်း၌ ကူးစက်မှုများ ဖြစ်ပွားခဲ့ကြောင်း ၊ နောက်ပိုင်းတွင် ရောဂါဖြစ်ပွားမှု လျော့ကျသွားခဲ့သော်လည်း  ဩဂုတ် ၁၆ ရက်မှ စတင်ကာ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု တစ်ကျော့ပြန် ပြန်လည် မြင့်တက်လာခဲ့ကြောင်း သိရသည်။

“ပထမလှိုင်းနဲ့ ယှဉ်လိုက်ရင်တော့ ဒုတိယလှိုင်းက ပိုပြီး ထိန်းချုပ်ရတာ ခက်ခဲပါတယ်။ ပထမလှိုင်းမှာ တစ်လလောက် local transmission မရှိတဲ့ကာလမှာ ပြည်သူတွေအနေနဲ့ သူများနိုင်ငံမှာ ရှိပေမယ့် ကိုယ့်နိုင်ငံမှာ မဖြစ်ဘူး၊ ကိုယ်ကပဲ ရောဂါပြီးနေသယောင်၊ ရောဂါမဖြစ်ဘူးဆိုပြီး over confidence တွေဖြစ်တဲ့ ကိစ္စမျိုးတွေလည်း ရှိပါတယ်။”ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

COVID-19 ပထမလှိုင်းတွင် ရောဂါကူးစက်မှု နည်းပါးသကဲ့သို့ သေဆုံးမှုမှာလည်း နည်းပါးကြောင်း ၊ ထိုစဉ်က ပြည်ပမှ ပြန်လာသူများထံမှ ရောဂါပိုး တွေ့ရှိမှုသည် ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိပြီး ပြည်တွင်း၌ ရောဂါပိုးတွေ့ရှိမှုသည် ၂၀ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

“နောက်ပိုင်းမှာဆိုရင် local transmission လို့ခေါ်တဲ့ ပြည်တွင်းကူးစက်မှုက ၉၂ ရာခိုင်နှုန်းလောက်ရှိပြီး imported case တွေက ၇ရာခိုင်နှုန်း ကျော်ကျော်လေးပဲ ဖြစ်ပါတယ်။”ဟု ဒေါက်တာခင်ခင်ကြီးက ဆက်လက်ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်မှ စတင်၍ ခြောက်လတာကာလအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ဦးရေသည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းအထိ စုစုပေါင်း ၇,၈၂၇ ဦး ရှိလာခဲ့ကြောင်း နှင့် COVID-19 ရောဂါ ကူးစက်မှုနှုန်းတွင် အသက် ၂၀ မှ ၃၉ နှစ် အကြား ယင်းအသက်အရွယ်အပိုင်းအခြားတွင် ရောဂါပိုး တွေ့ရှိမှု အများဆုံး ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

“အခုလက်ရှိမှာဆိုရင် ရောဂါလက္ခဏာမဖော်ပြဘဲနဲ့ asymptomatic ဖြစ်ပြီးတော့ စစ်လိုက်တော့မှ ပိုးတွေ့တယ်။ အဲဒါမျိုးက ၇၀ရာခိုင်နှုန်းနီးနီးရှိပါတယ်။ အတိအကျပြောမယ်ဆိုရင် ၆၈-၆၉ရာခိုင်နှုန်းလောက်ပေါ့၊ ဒါကတော့ မငြိမ်ပါဘူး။ အဲဒီမှာပိုးတွေ့ရှိမှုအများဆုံးက ဘယ်လိုလူတွေမှာလဲဆိုတော့ contactတွေမှာပါ။ contactတွေဆိုတာက ပိုးတွေ့တဲ့သူရဲ့ မိသားစုဝင်တွေ၊ သူနဲ့ နီးစပ်တဲ့ အလုပ်တူတူလုပ်တဲ့သူတွေ၊ အရမ်းအနီးကပ် close contact ရှိတဲ့သူတွေမှာ ပိုးတွေ့ရှိနှုန်းက ၁၉ရာခိုင်နှုန်းရှိပါတယ်။ ၁၀၀ စမ်းရင် ၁၉ယောက်မှာ ပိုးတွေ့ပါတယ်။ဒုတိယအများဆုံးတွေ့တာ PUI (patient under investigation)လို့ခေါ်တဲ့ သံသယလက္ခဏာတွေရှိနေတဲ့ စောင့်ကြည့်လူနာတွေဖြစ်ပါတယ်။ သူတို့ထဲက ပိုးတွေ့တဲ့သူက ၁၆ရာခိုင်နှုန်းရှိပါတယ်။ နှစ်ခုစလုံးက တက်လာတာဖြစ်ပါတယ်။ အရင်တုန်းကဆို ဒီလောက်မရှိဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူများမှာ အသက် ၇၀ ကျော် ၊ ၈၀ ကျော်များတွင် များပြားကြောင်း သိရသည်။”လက်ရှိမှာ သေဆုံးတဲ့သူတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကျော်က အသက် ၆၀ အထက်တွေနဲ့ နောက်ခံရောဂါရှိတဲ့သူတွေဖြစ်တာကို တွေ့ရတာများပါတယ်။ ၆၀ အောက်သေဆုံးတဲ့သူတွေလည်း ရှိပါတယ်။ သို့သော် သူတို့မှာ နဂိုကတည်းက သွေးကင်ဆာတွေ၊ သွေးနဲ့ဆိုင်တဲ့ရောဂါတွေ၊ အရေပြားလေးဖက်နာတွေ၊ နဂိုကတည်းက နှလုံးမကောင်းတာ၊ အဆုတ်ကောင်းကောင်းအလုပ်မလုပ်နိုင်တာတွေ ရှိတဲ့သူတွေ အများစုဖြစ်ပါတယ်။ သေဆုံးတဲ့သူတွေမှာ ၉၀ ရာခိုင်နှုန်းကျော်က နောက်ခံရောဂါရှိတဲ့သူတွေမှာဖြစ်ပွားတာများပါတယ်။ အတိအကျပြောရမယ်ဆိုရင် အသက် ၆၀ အထက် ကတော့ ၇၀ ရာခိုင်နှုန်းကျော်ကျော်ရှိပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ထို့အတူ လူကြီးများ နှင့် နောက်ခံရောဂါရှိသူများသာ အသက်သေဆုံးနိုင်ခြင်းမျိုး မဟုတ်ဘဲ လူငယ်များလည်း နောက်ခံရောဂါ မရှိဘဲ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး သေဆုံးနိုင်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့သည်။

“ဒါကြောင့် ကျွန်မတို့အနေနဲ့ လူငယ်တွေကို အထူးသတိပေးချင်တာကတော့ အများစုကတော့ ရောဂါလက္ခဏာ သိပ်မပြင်းထန်ဘူး။ သိပ်မဆိုးရွားဘူးဆိုသော်လည်း မိမိကတဆင့် ရောဂါကူးစက်လာပြီးတော့ ကိုယ့်အိမ်မှာရှိတဲ့ လူကြီးတွေ၊ နာတာရှည်ရောဂါရှိတဲ့သူတွေဆီ ကူးစက်ရင် သူတို့သေနိုင်ပါတယ်။ လက်ရှိမှာလည်း အသက် ၆၀ နဲ့ ၉၀ ကြား လူတွေက သူတို့ လျှောက်သွားနေလို့ ကူးစက်ခံရတာမျိုးမဟုတ်ဘဲနဲ့ မိသားစုဝင်တွေဆီကနေ ကူးစက်တယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်တစ်ယောက်တည်းပေါ့နော်၊ ကိုယ်သွားရင် ကိုယ်ကူးစက်တာပဲဆိုပြီး ထွက်လို့မရပါဘူး။ ကိုယ်တွေမကဘူး၊ ကိုယ့်မိသားစုပါ ကူးစက်နိုင်တယ်။ ကိုယ့်မိသားစုမှာ အသက်ကြီးတဲ့သူ၊ နောက်ခံရောဂါရှိတဲ့သူဆိုရင် သေစေနိုင်ပါတယ်။ ဒါလေးကို သတိပြုမိစေချင်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သော ရက်ပိုင်းက COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိပြီး လက်ရှိကုသမှု ခံယူနေသော အသက် ၂၄ နှစ်အရွယ်ရှိသူ ကိုကျော်ဇင်သန့်က “စဖြစ်တော့ နှာတွေစည်း ၊ နှာခေါင်းပိတ် ၊ ချောင်းနည်းနည်းဆိုးတယ်။ သူများတွေလို လည်ချောင်းနာ ၊ အသက်ရှုကြပ်တာ မရှိဘူး ။ စက်တင်ဘာ ၁၇ ရက်မှာ နှာခေါင်းပိတ်ပြီး နောက်တနေ့ ကြတော့ အနံ့မရတော့ဘူး။အရသာက ပုံမှန်အတိုင်းပါတယ်။ စက်တင်ဘာ ၁၉ ရက်မှာ ဆေးရုံမှာ သွားပြခဲ့ပါတယ်။ ဆေးရုံမှာ တစ်ညအိပ်ပြီး နောက်တနေ့ မနက်မှာ မနက်ပိုင်းမှာ Swab ယူသွားပါတယ်။စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ Positive ဖြစ်တယ်ဆိုတာ သိရပါတယ်။အခုတော့ မနေ့ကနေ စပြီး စူးရှတဲ့ အနံ့တွေကို ပြန်ပြီး ရနေပါပြီ ။အဓိက အရေးကြီးဆုံး အချက်ကတော့ စိတ်ဓာတ်မကျဖို့ ၊ စိတ်ဓာတ်ကြံခိုင်ဖို့ပါပဲ။”ဟု ၎င်း၏ အတွေ့အကြုံကို ဆင်ဟွာသို့ ယနေ့ တွင် ပြောကြားခဲ့သည်။ 

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေးမှု အခြေအနေများအရ ပိုးတွေ့လူနာများဖြင့် အနီးကပ်ထိတွေ့သူ ပိုးတွေ့ရှိမှုနှုန်း ၂၀ ဒသမ ၅၇ ရာခိုင်နှုန်း ၊ စောင့်ကြည့်လူနာများတွင် ပိုးတွေ့ရှိမှုနှုန်း ၁၇ ဒသမ ၈၄ ရာခိုင်နှုန်း နှင့် အသွားအလာကန့်သတ် ထားရှိသူများတွင် ပိုးတွေ့ရှိမှုနှုန်း ၀ ဒသမ ၉၈ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ 

COVID-19 ဒုတိယလှိုင်းတွင် သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်လာခဲ့ပြီး စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းအထိ စုစုပေါင်း ၁၃၃ ဦး ရှိလာခဲ့သည်။ ယခုအချိန်၌ အထိရောက်ဆုံးနှင့် ငွေကုန်ကြေးကျမရှိဆုံး နည်းဗျူဟာမှာ ပြည်သူများ မိမိအိမ်တွင်သာ နေထိုင်ပြီး မဖြစ်မနေကိစ္စရပ်များအတွက် ပြင်ပသို့ ထွက်ရသည့်အခါ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းပင် ဖြစ်ကြောင်း ၊ ကပ်ရောဂါသည် မြန်မာနိုင်ငံ၌ မည်သည့်အချိန်၌ ပြီးဆုံးမည်ကို အတိအကျ မပြောနိုင်သော်လည်း ပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် စည်းကမ်းလိုက်နာမှု ကောင်းလျှင် ကောင်းသလို၊ များလျှင်များသလို ဤကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန် ကျဆင်းသွားပြီး နိုင်နင်းသောအခြေအနေသို့ အမြန်ဆုံးရောက်ရှိမည်မှာ သေချာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။ 

ထို့အတူ စက်တင်ဘာ ၂၀ ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၌ ကိုကိုးကျွန်းမြို့နယ်မှအပ မြို့နယ်အားလုံးတွင် Stay at Home မိမိနေအိမ်၌သာ နေထိုင်ကြရန် စည်းမျဉ်းစည်းကမ်းများ တိတိကျကျ တင်းတင်းကျပ်ကျပ် ထုတ်ပြန်ခဲ့သည်။ “လက်ရှိအချိန်အထိ ကျွန်မတို့ နိုင်ငံရဲ့ ကူးစက်မှုက community transmission မဟုတ်ပါဘူး။ WHO နောက်ဆုံး report အရ ကျွန်မတို့က clusters of cases ဖြစ်ပါတယ်။ 

အစုလိုက် အစုလိုက်ဖြစ်နေတာတွေ ရှိပါတယ်။ နေရာပေါင်းစုံကနေ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ community transmissionမဟုတ်သေးပါဘူး။”ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့သည်။”ရန်ကုန်ကတော့ လူဦးရေအထူထပ်ဆုံးဖြစ်တယ်။ရွှေ့ပြောင်းအလုပ်သမားတွေများတယ်။ စက်ရုံအလုပ်ရုံတွေရှိတယ်။ တစ်အိမ်တည်းမှာပဲ လူတွေစုပြီးတော့ နေကြတယ်။ တချို့ အိမ်တွေမှာဆိုရင် three generations ပေါ့။အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ သား၊ သမီးစသဖြင့် စုဝေးပြီး နေကြတယ်။ တချို့တိုက်ခန်းတွေဆိုရင် လေဝင်လေထွက်က မကောင်းဘူး။ အဲဒီတိုက်ခန်းတွေမှာ လူတွေအများကြီး ပေါင်းစုပြီး နေရတယ်။ public transport လို့ခေါ်တဲ့ အများပြည်သူ စုပေါင်းပြီးစီးရတဲ့  လိုင်းကားတွေအသုံးပြုရတာတွေများတယ်။ ဒါကြောင့် ရန်ကုန်ဆိုတာ ကူးလူးဆက်သွယ်မှု အဓိကအချက်အချာ ဖြစ်တယ်။ ရန်ကုန်မှာဖြစ်တယ်ဆိုရင် ပိုပြီး ထိန်းချုပ်ရတာခက်ပါတယ်။ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့မတူပါဘူး။ အခုဆိုရင် ၂၀ ရက်နေ့က စပြီး ကိုကိုကျွန်းကလွဲပြီး stay at homeမြို့နယ်တွေ သတ်မှတ်လိုက်ပြီဖြစ်တဲ့အတွက် ဒီ၂ပတ်အတွင်းမှာ ထပ်မံစောင့်ကြည့်ရမှာဖြစ်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် လက်ရှိအချိန်တွင် ကျရာကဏ္ဍအသီးသီးမှ အစွမ်းကုန် ဆောင်ရွက်နေကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။ ယခုအခါတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ၂၀၈၅ ဦးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။ 

“ကျွန်မတို့အနေနဲ့ လက်ရှိစမ်းနေတယ်ဆိုတာက ပိုးတွေ့တဲ့သူတွေရဲ့ အနီးကပ် contactတွေ၊ ရောဂါရှိနေနိုင်တဲ့သူ၊ PUI လို့ခေါ်တဲ့ သံသယလက္ခဏာရှိတဲ့သူ၊ ကွာရတင်းထားတဲ့သူတွေ အဓိကက ပိုးတွေးနိုင်မှု အများဆုံးရှိတဲ့သူတွေကို စမ်းတာဖြစ်တဲ့အတွက် ပိုးတွေ့ရှိမှုက များနေတာဖြစ်ပါတယ်။ ကျွန်မတို့ စမ်းသပ်စစ်ဆေးနိုင်တဲ့နေရာတွေ တိုးချဲ့လာတာနဲ့အမျှ စစ်ဆေးနိုင်တာတွေ တိုးလာတာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ၃ ထောင်ဝန်းကျင်မှာ အများဆုံး စစ်တာကနေ ၄ထောင်ကျော်၊ အခုဆိုရင် ၅ ထောင်ကျော်ကနေ ၆ ထောင်နီးကပ်လာပြီဖြစ်ပါတယ်။”ဟု ဒေါက်တာခင်ခင်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ်များအနက် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းထိ အခြေအနေများအရ ကယားပြည်နယ်တစ်ခုတွင်သာ COVID-19 ရောဂါ အတည်ပြုလူနာ မတွေ့ရှိရကြောင်း သိရသည်။  (Xinhua)