Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလအတွင်း လစာပေးခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Payroll Processing QR Pass ထုတ်ပေးမည်

နှာခေါင်းစည်းဖြင့် သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ   Stay at Home ကာလ အတွင်း ဖွင့်လှစ်လည်ပတ်ရန် ခွင့်ပြုထားခြင်းမရှိသည့် စက်ရုံ၊ အလုပ်ရုံများ ၊ ကုမ္ပဏီများ၊ လုပ်ငန်းများမှ ဝန်ထမ်းများ၊ အလုပ်သမားများအား လုပ်ခလစာပေးနိုင်ရေးအတွက် လိုအပ်သည့် တွက်ချက်မှုများ ပြင်ဆင်ဆောင်ရွက်နိုင်ရန် Payroll Processing QR Pass များ ထုတ်ပေး သွားမည်ဖြစ်ကြောင်း ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အောက်တိုဘာ ၃ရက်ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Payroll Processing QR Pass များကို လုပ်ခလစာ ထုတ်ပေးရန် လိုအပ်သည့် မည်သည့်လုပ်ငန်းအမျိုးအစားမဆို Online မှတဆင့်  ဝင်ရောက်မှတ်ပုံတင်နိုင်ပြီး တာဝန်ရှိသူ အများဆုံး (၅) ဦး အထိသာ အဆိုပါ QR Pass ကို ထုတ်ယူနိုင်ကြောင်း နှင့်  အဆိုပါအစီအစဉ်သည်  လစာထုတ်ခြင်းဆိုင်ရာ Payroll အတွက် လစာတွက်ချက်မှု အပါအဝင် လိုအပ်သည့်ပြင်ဆင်မှုများ ကြိုတင် ဆောင်ရွက်နိုင်ရန်အတွက်သာ ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင် ရာတွင် https://QRpass.SawSawShar.gov.mm သို့ ဝင်ရောက် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ ယခင် QR Pass ရရှိပြီးထားသူများအနေဖြင့် ထပ်မံလျှောက်ထားရန် မလိုအပ်ကြောင်း၊ အောက်တိုဘာလ (၄) ရက်နေ့ နှင့် (၅) ရက်နေ့များတွင်မှတ်ပုံတင်ရမည်ဖြစ်ပြီး Payroll Processing  QR Pass ရရှိပြီးပါက အောက်တိုဘာလ (၆) ရက်နေ့နှင့် (၇) ရက်နေ့များ တွင်သာ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ 

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အားဆောင်ရွက်ရာတွင် Payroll Process အားရွေးချယ်ရမည် ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင် (သို့) စည်ပင်လုပ်ငန်းလိုင်စင် (သို့) သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုမှ အသိအမှတ်ပြုထုတ်ပေးထားသော လုပ်ငန်းလိုင်စင်အား ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်တစ်မျိုးမျိုးအား ပူးတွဲတင်ပြနိုင်ခြင်း မရှိပါက ခွင့်ပြုချက်အား ပယ်ဖျက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)