Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် ၁,၃၈၇ ဦးတွေ့ရှိခဲ့ပြီး လူနာ ၃၉ ဦး ထပ်မံသေဆုံး

နှာခေါင်းစည်းဖြင့် ဘတ်စ်ကားစောင့်နေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ယနေ့(အောက်တိုဘာ ၁၇ ရက်) ညပိုင်းတွင် COVID-19 အတည်ပြုလူနာသစ် ၁,၃၈၇ ဦးအား တွေ့ရှိခဲ့ပြီး အတည်ပြု လူနာစုစုပေါင်း ၃၄,၈၇၅ ဦး ရှိလာပြီဖြစ်ကာ သေဆုံးလူနာအနေဖြင့်လည်း လူနာ ၃၉ ဦး ထပ်မံသေဆုံးခဲ့ကြောင်း  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

COVID-19 ကြောင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၈၃၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “အောက်တိုဘာ ၁၀ ရက် ဝန်းကျင်မှာ ၂၁၀၀ ကျော်အထိ တက်သွားတယ်။ ၈၀၀ ကျော်အထိ ဆင်းပြီး ၁၀၀၀ နဲ့ ၁၄၀၀ ဝန်းကျင်မှာ တန်းတယ် ဆိုတော့ ဒီဂရပ်  အရကြည့်ရင် ဒါ ပထမဦးဆုံး ပြန်ဆင်းတာပေါ့။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့က ပြန်ဆင်းသွားတယ်။ ဒါပေမယ့်ကပ်ရောဂါ ကိုကြည့်ရင် COVID-19 ရောဂါပိုး ရှိပြီး ပြန်လိုက်လို့မရဘဲ ကျွန်တော်တို့ မသိလိုက်နိုင်တာတွေရှိတယ်။ အဲ့လို ကျွန်တော်တို့မသိဘဲ မြုပ်နေတဲ့ အပိုင်း အားကြီးရင်ကြီးသလို ဒီဂရပ် က ပြန်တက်လာနိုင်တယ်။ မြုပ်နေတဲ့ အပိုင်း များများမိအောင် လုပ်ဖို့က ပိုအရေးကြီးတယ်။ ဒါမှ ရေရှည်မှာထိန်းချုပ်နိုင်မှာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ အောက် တိုဘာ ၁၇ ရက်တွင် ပြောသည်။

ထို့ကြောင့် ရုတ်တရက်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ နှာစေးခြင်းတို့ကဲ့သို့ လက္ခဏာ သုံးခုအထက် ဖြစ်ပါက COVID-19 ရောဂါကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်း၊ နီးစပ်ရာ COVID-19စင်တာများသို့ ဆက်သွယ်၍ သွားရောက်သင့်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 စင်တာ ၁၅ ခုရှိကြောင်း၊ သံသယရှိပါက၂၀၁၉ call center သို့ အခမဲ့ခေါ်၍ COVID-19 စင်တာများသို့ သွားရောက်နိုင်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ဆေးရုံဆင်းခွင့်ရရှိသူ ၈၉၃ ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၆,၃၇၀ ဦး ရှိလာခဲ့ကြောင်း သိရသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၉,၇၃၆ ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း ၄၉၇,၈၀၃ ခုအား စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ သေဆုံးသူ ၃၉ ဦးအနက် ရောဂါအခံရှိသူ ၃၀ ဦး ပါဝင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ် ထိတွေ့ ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ ၁,၆၇၉ ဦးအား ၎င်းတို့နေအိမ် များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ယမန်နေ့က ပိုးတွေ့ရှိသူ ၁,၁၃၈ ဦးရှိခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးမှ ၈၉၅ ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊ ပဲခူးတိုင်းဒေသကြီးမှ ၈၉ ဦး၊မန္တလေးတိုင်းဒေသကြီးမှ ၅၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃၃ဦး၊ ရခိုင်ပြည်နယ်မှ၂၅ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၄ ဦး၊ ကရင်ပြည်နယ်မှ ရှစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လေးဦး၊ မွန်ပြည်နယ်မှ လေးဦး၊ နေပြည်တော်မှ လေးဦး၊ ရှမ်းပြည်နယ်မှ သုံးဦး၊ ချင်းပြည်နယ်မှ နှစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ နှစ်ဦးနှင့် ကချင်ပြည်နယ်မှ တစ်ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၆ရက်တွင် ထုတ်ပြန်ခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁,၁၃၈ ဦးတွင် အနံ့မရရှိသူ ၃၄၃ ဦး ပါရှိကြောင်း သိရသည်။(Xinhua)