Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် (၁,၁၃၈) ဦးတွေ့ရှိခဲ့ပြီးတစ်နိုင်ငံလုံးတွင်အတည်ပြုလူနာစုစုပေါင်း (၃၃,၄၈၈) ဦး အထိရှိလာ

နှာခေါင်းစည်းဖြင့်ဈေးရောင်း၊ဈေးဝယ်နေသူတို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၁,၁၃၈) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၃၃,၄၈၈) ဦးရှိလာပြီဖြစ်ကာ လူနာ(၃၄)ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၇၉၉) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၁၆ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၇၇၁)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၅,၄၇၇)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၃,၅၁၀) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၄၇၈,၀၆၇) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၃၄)ဦးအနက် ရောဂါအခံရှိသူ (၂၉)ဦးပါဝင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ (၂,၃၀၅) ဦးအား ၎င်းတို့နေအိမ် များတွင် အသွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၀၂၅)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၇၅၈) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊ မန္တလေးတိုင်းဒေသကြီးမှ (၃၁)ဦး၊ ရခိုင်ပြည်နယ်မှ (၂၈)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၉၀)ဦး၊ဧရာဝတီတိုင်းဒေသကြီးမှ (၄)ဦး၊ မွန်ပြည်နယ်မှ (၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၆၁)ဦး၊ နေပြည်တော်မှ (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၈)ဦး၊တနင်္သာရီတိုင်းဒေသကြီးမှ (၁၁)ဦး၊ ကရင်ပြည်နယ်မှ (၁၀)ဦး၊ချင်းပြည်နယ်မှ (၇)ဦး၊ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁)ဦး၊ ကချင်ပြည်နယ်မှ(၅)ဦး၊ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၁)ဦး နှင့် ကယားပြည်နယ်မှ (၁)ဦးတို့အားတွေ့ရှိခဲ့ကြောင်း သိရသည်။  

မြန်မာနိုင်ငံမှ COVID-19 သေဆုံးလူနာများ၏ (၉၅) ရာခိုင်နှုန်းသည် နာတာရှည်အခံရောဂါ ရှိသူများဖြစ်သဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးနှင့်သွေးကြော၊ ကျောက်ကပ်၊ ကင်ဆာ၊ အဆုတ်ရောဂါ အစရှိသည့် အခံရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် COVID-19 သံသယလက္ခဏာ ခံစားရခြင်းရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား ပြသကြရမည် ဖြစ်ပါကြောင်း၊ COVID-19 ရောဂါအပြင် အခြားသော ရောဂါအမျိုးမျိုးအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အခန်းကဏ္ဍသည် အရေးကြီး သဖြင့် ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများနှင့် ပေါင်းစပ်လုပ်ကိုင်ရန် မိမိတို့အားပေးရမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စအားထိရောက်စွာစနစ်တကျအကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ COVID-19 လူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းသည် ယခုအချိန်ကာလ၌ အထူးအရေးကြီးပြီး ၎င်းတို့အားဖော်ထုတ်၍ အသွားအလာကန့်သတ်မှုများ လုပ်ဆောင်နိုင်မှသာလျှင် ရောဂါဖြစ်ပွားမှု ကွင်းဆက်ပြတ်သွားပြီး ရောဂါဖြစ်ပွားသူနည်းပါးလာမည် ဖြစ်ကြောင်းကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် COVID-19 ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးတွင်ပြောကြားခဲ့သည်။ (Xinhua)